အားလုံးသိကြတဲ့အတိုင်းပဲ AI ဟာ ယခုခေတ် နေရာတော်တော်များများမှာ ရောက်ရှိနေရာယူလာကြပါပြီ။ လူတွေအတွက် အသုံးဝင်လွန်းတဲ့ ChatGPT လိုမျိုး AI chatbot တွေ၊ ကျန်းမာရေးကဏ္ဍမှာလည်း AI စနစ်သစ် tools တွေနဲ့ ရောဂါကို ပိုမိုတိကျစွာ ရှာဖွေပြီး ထိထိရောက်ရောက် ကုသနိုင်လာတာတွေ စတဲ့ ကောင်းမွန်တဲ့အကျိုးကျေးဇူးတွေလည်း ရရှိထားကြပါပြီ။
အဲ့ဒီအထဲမှာမှ Deep Learning နဲ့ တည်ဆောက်ထားတဲ့ DeepFake လို့ ခေါ်တဲ့ နည်းပညာဟာလည်း တဟုန်ထိုး တိုးတက်ပြောင်းလဲလာနေပါတယ်။ ထိုနည်းပညာကို အသုံးပြုပြီးတော့ အဝတ်အစားဒီဇိုင်းတွေကို ကိုယ်နဲ့ လိုက်မလိုက် တစ်ထည်ချင်းဝတ်ကြည့်နေစရာမလိုပဲ Virtual Dressing Room လို့ခေါ်တဲ့ နေရာလေးမှာပဲ အမျိုးမျိုး ရွေးချယ်နိုင်တာတွေ၊ မိမိမျက်နှာကို အသုံးပြုပြီးတော့ ဆံပင်ပုံစံတွေကို မညှပ်ခင် ရွေးချယ်တပ်ဆင်ပြီး မိမိနဲ့ လိုက်မလိုက် ကြည့်ရှုနိုင်တာတွေ စတဲ့အရာတွေကို လုပ်ဆောင်နိုင်ပါတယ်။
DeepFake ဟာ ပုံတွေ Video တွေကို AI စနစ်တွေနဲ့ ပြောင်းလဲပြုပြင်ပေးနိုင်တဲ့ နည်းပညာဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ တဟုန်ထိုး တိုးတက်ပြောင်းလဲလာနေပါတယ်။
လူတွေရဲ့အချိန်ကုန်တာတွေကို လျှော့ချပေးနိုင်ဖို့နဲ့ တခြားအဆင်ပြေစေဖို့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီနည်းပညာ ပေါ်ပေါက်လာခဲ့ပေမယ့်လည်း မသမာသူတွေ ယုတ်မာသူတွေကြောင့် မကောင်းတဲ့ဘက်မှာလည်း အသုံးပြုလာကြတာ နှစ်အနည်းငယ် ကြာလာခဲ့ပါပြီ။ ဒီနည်းပညာတွေကို အထိန်းအကွပ်မရှိပဲ အလွယ်တကူ အသုံးပြုခွင့်ပေးထားတာတွေဟာလည်း ဒီလို မကောင်းတဲ့အရာတွေ ဖြစ်လာခြင်းရဲ့ အကြောင်းရင်းပါပဲ။
လူတစ်ယောက်ရဲ့ မျက်နှာနဲ့ ခေါင်းပဲပါတဲ့ ပုံတစ်ပုံရှိရုံနဲ့တင် ညစ်ညမ်းပုံတွေ ဖန်တီးနိုင်တာမျိုး၊ ဒီလို ညစ်ညမ်းပုံတွေ ညစ်ညမ်း video တွေ ဖန်တီးခွင့်ကို ပိတ်မထားပဲ အသုံးပြုသူတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့် ပေးထားတာတွေကြောင့် ညစ်ညမ်း website တွေမှာ Category တစ်ခုအနေနဲ့ပါ ထုတ်ပေးရတဲ့အထိ နာမည်ကြီးလာခဲ့တာပါ။
DeepFake နည်းပညာဟာ အရမ်းကို တိုးတက်လာပြီး လွယ်လွယ်ကူကူ အသုံးပြုလို့ရတာနဲ့အမျှ အနုပညာရှင်တွေ၊ influencers တွေ၊ တခြားနာမည်ကြီးပြီး ရုပ်လှတဲ့အမျိုးသမီးတွေအပြင် ယခုဆိုရင် ကိုယ်သဘောကျတဲ့သူ၊ ကိုယ်မကြိုက်မနှစ်သက်ပဲ နာမည်ပျက်စေချင်တဲ့ သိက္ခာကျစေချင်တဲ့သူတွေကိုပါ target ထားလာကြပြီး ဒီလိုနည်းပညာတွေ အသုံးပြုကာ ညစ်ညမ်းပုံတွေ ညစ်ညမ်း video တွေ ပြုလုပ်လာကြတာပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းမှာတင်ပဲ ယခုရက်ပိုင်းအတွင်း streamer မိန်းကလေးတစ်ယောက်ကို DeepFake AI နဲ့ ညစ်ညမ်းပုံတွေ ဖန်တီးခဲ့တဲ့ case တစ်ခုလည်း ဖြစ်သွားခဲ့ပါသေးတယ်။ ဒါ့အပြင် Telegram မှာ အခကြေးငွေနဲ့ မိမိ ညစ်ညမ်းပုံပြုလုပ်ချင်တဲ့သူကို မျက်နှာပါဝင်တဲ့ရုပ်ပုံပေးပြီး ပြုလုပ်နိုင်တဲ့ individual service တွေပါ ပေါ်ပေါက်လာတဲ့အထိပါပဲ။
ဒါ့အပြင် ယခုနောက်ပိုင်းဆိုရင် နိုင်ငံရေး၊ ကျန်းမာရေး၊ လူမှုရေး စတဲ့ အရေးကြီးကဏ္ဍတွေက ပြောရေးဆိုခွင့်ရှိသူတွေကိုပဲ DeepFake သုံးပြီး တကယ်ပြောထားတာမျိုးမဟုတ်တဲ့ မဟုတ်မမှန်သတင်းတွေကို လုပ်ကြံဖန်တီးလာကြတဲ့အထိပါပဲ။
ဒီ DeepFake နည်းပညာကို စတင် ထုတ်လုပ်တည်းက ဒီလိုကိစ္စတွေဖြစ်မလာအောင် ထိန်းထားနိုင်ခဲ့ရင် အထိအခိုက်အရမ်းကို နည်းသွားမှာပါ။ ဒါပေမယ့်လည်း တစ်ဖက်မှာ ဒီနည်းပညာဟာ ကောင်းမွန်တဲ့ ရလဒ်တွေ အသုံးဝင်တဲ့နေရာတွေ ရှိသလို potential လည်း အရမ်းကောင်းတာမို့လို့ ဖျက်သိမ်းလိုက်တာမျိုးရှိလာမှာမဟုတ်ပဲ ဆက်လက်ပြီး တိုးတက်လာဖို့ပဲ ရှိပါတယ်။
ဒါကြောင့် ဒီနည်းပညာကို မကောင်းတဲ့နေရာတွေမှာ အသုံးမပြုနိုင်အောင် ထိန်းနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလိုထိန်းနိုင်ဖို့အတွက်လည်း ထိုနည်းပညာသုံးလို့ရတဲ့နေရာတွေမှာ ညစ်ညမ်းပုံ video ဖန်တီးဖို့အတွက် ထည့်ရတဲ့ စကားလုံးတွေကို ထည့်ခွင့်မပေးတာမျိုး၊ DeepFake နဲ့ ပြုပြင်ထားတဲ့ သတင်းအမှားဟုတ်မဟုတ်ကို ရှာဖွေနိုင်တဲ့ နည်းပညာတစ်မျိုး ထပ်ထုတ်လာတာမျိုးတွေကို ပြုလုပ်လာကြပါပြီ။