အမေရိကန် မေရီလန်းပြည်နယ်မှာရှိတဲ့ Pikesville အထက်တန်းကျောင်းရဲ့ အားကစားဒါရိုက်တာတစ်ဦးဖြစ်တဲ့ Dazhon Darien က AI အသုံးပြုပြီး ကျောင်းအုပ်ကြီးရဲ့ အသံလို့ ထင်ရစေတဲ့ အသံဖိုင်တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒီအသံဖိုင်မှာ လူမျိုးရေးခွဲခြားမှုနဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပြောကြားချက်တွေ ပါဝင်တာကြောင့် စွဲချက်တင်ထားကြောင်း အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
Baltimore ခရိုင်ရဲတပ်ဖွဲမှ တင်ပြတဲ့ စာရွက်စာတမ်းတွေအရ ကျောင်းအုပ်က Darien ရဲ့ အလုပ်သက်တမ်းစာချုပ်ကို သက်တမ်းတိုးမှာ မဟုတ်တဲ့အကြောင်း ပြောဆိုထားတဲ့ အသံကို အသံတုဖန်တီးဖို့အတွက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါအပြင် Darien က ကျောင်းရန်ပုံငွေတွေကို သူရဲ့အခန်းဖော်ကို ပေးခဲ့တာမျိုးရှိတဲ့အတွက် ကျောင်းရန်ပုံငွေအလွဲသုံးစားမှုမြောက်ကြောင်းနဲ့ Darien ရဲ့ ကျောင်းမှာ သင်ကြားပြသမှုစွမ်းဆောင်ရည်တွေ ကျဆင်းနေတဲ့အကြောင်း ပြောဆိုထားကြတာမျိုးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
cloning နည်းပညာကို အသုံးပြုပြီးတော့ ကျောင်းအုပ်ကြီးက လူမည်းကျောင်းသားတွေနဲ့ သူတို့ရဲ့ စာမေးပွဲရလဒ်တွေကို စိတ်ပျက်ကြောင်း ပြောဆိုထားသဖွယ် ဖန်တီးထားတယ်လို့ သိရပါတယ်။ အဲ့ဒါအပြင် ဂျူးလူမျိုးတစ်ဦးချင်းစီနဲ့ တခြားဆရာမနှစ်ယောက်ကို “အလုပ်မခန့်ခဲ့သင့်ဘူး” ဆိုပြီး ရှုတ်ချပြောဆိုထားတဲ့ အသံတုတွေပါ ပါဝင်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။
အသံဖိုင်က ဆိုရှယ်မီဒီယာပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားပြီးတော့ ကျောင်းမှာလည်း အတော်လေး ဂယက်ရိုက်သွားစေခဲ့ပါတယ်။ ကျောင်းအုပ်ကြီးကိုလည်း ခွင့်ရက်ပေးထားခဲ့ရတယ်လို့ သိရပါတယ်။
ဒီအသံဖိုင်ကြောင့် ဆိုရှယ်မီဒီယာမှာလည်း မကောင်းတဲ့မှတ်ချက်များစွာ ပေးခံခဲ့ရပြီး ကျောင်းရဲ့ ရုံးဖုန်းကိုလည်း ဖုန်းခေါ်ဆိုမှုများစွာရှိခဲ့ပါတယ်။ ကျောင်းရဲ့ လုပ်ငန်း ဆောင်တာတွေမှာ အချိန်အတိုင်းအတာတစ်ခုထိ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး တချို့ဝန်ထမ်းတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ခံစားခဲ့ရကြောင်း ဆိုပါတယ်။
အသက် 31 နှစ်ရှိပြီဖြစ်တဲ့ Darien ဟာ ယခုဆိုရင် ခိုးမှု၊ ကျောင်းရဲ့ လုပ်ငန်းဆိုင်ရာတွေကို နှောင့်ယှက်မှု၊ ပြည်သူတစ်ဦးကို ချောင်းမြောင်းလက်တုံ့ပြန်မှု စတဲ့ စွဲချက်များနဲ့ ရင်ဆိုင်နေရကြောင်း တရားရုံးမှတ်တမ်းများအရ သိရပါတယ်။
တရားရုံးမှတ်တမ်းမှာ Darien ကိုယ်စား ပြောဆိုကာကွယ်ပေးမယ့် ရှေ့နေကို စာရင်းသွင်းထားတာမရှိကြောင်းနဲ့ Darien ဟာ ဒေါ်လာ ၅,၀၀၀ ဒဏ်ငွေဆောင်ရပြီး သူ့ကို ပြည်တွင်းအကျဉ်းထောင်မှာ ထိန်းသိမ်းထားကြောင်း အာဏာပိုင်များက ကြာသပတေးနေ့တုန်းက ပြောကြားခဲ့ပါတယ်။
Reference: US teacher charged with using AI to frame principal with racist audio by TheGuardian
AMC HACKS