Stack Overflow ဟာ သူရဲ့ API ကို OpenAI မှာ အသုံးပြုခွင့်ပေးတော့မယ့် သဘောတူညီချက်တစ်ခု ထွက်ပေါ်လာပါတယ်။ ဒီ API မှာ ဆိုရင် coding နဲ့ ပတ်သက်ပြီး အသုံး ပြုသူတွေ မေးမြန်းထားတဲ့ မေးခွန်းတွေနဲ့ ပြန်လည်ဖြေဆိုထားကြတဲ့ အဖြေတွေ ပါဝင်ပါတယ်။ ဒီအဖြေတွေဟာလည်း users တွေ အသုံးတည့်မတည့် ထောက်ခံချက် အကြိမ်ရေပေါ်မူတည်ပြီး အစဉ်လိုက် ပြပေးတာပဲဖြစ်ပါတယ်။
ဒီသဘောတူညီချက်အပေါ် ကန့်ကွက်တဲ့ အသုံးပြုသူတွေက Stack Overflow မှာ သူတို့ တင်ထားတဲ့ posts တွေကို စာသားတွေဖြစ်ဖြစ် ပြောင်းလဲဖို့ရာ ကြိုးစားကြပါတယ်။ ဒါပေမဲ့ Stack Overflow ဘက်ကနေ ဒီ posts တွေကို မူရင်းအတိုင်း ပြန်ပြောင်းပြီး ဒီနည်းနဲ့ ကန့်ကွက်အသုံးပြုသူတွေရဲ့ account ကိုလည်း ယာယီပိတ်ပစ်တာမျိုး ပြုလုပ်တယ်လို့ သိရပါတယ်။
Ben အမည်ရတဲ့ programmer ဟာ programming အကြံဉာဏ်ရယူဖို့ရာ တင်ထားတဲ့ post အဟောင်းမှာ OpenAI နဲ့ Stack Overflow ပူးပေါင်းဆောင်ရွက်တော့မှာကို ဆန့်ကျင့်တဲ့အနေနဲ့ သူ့ရဲ့ မူရင်း မေးခွန်းကနေ “ဒီသဘောတူညီချက်က Stack Overflow မှာ မေးခွန်းတွေ မေးမြန်းဖြေဆိုကြတဲ့ အသုံးပြုသူတွေရဲ့ လုပ်အားကို ခိုးယူနေတာပဲ” ဆိုပြီး ပြောင်းလဲပစ်ခဲ့ပါတယ်။
တစ်နာရီတောင် မကြာလိုက်ဘဲ ဒီစာသားဟာ မူရင်း မေးခွန်းကို ပြန်လည်ပြောင်းသွားခဲ့ပါတယ်။ စီစစ်ရေးအဖွဲ့ကနေလည်း Ben ဆီကို Stack Overflow ရဲ့ post တစ်ခုမှာ ဝင်ရောက်ဖြေဆိုအကြံပေးသူတွေ စတင်ရှိလာတာနဲ့ ဒီ post ဟာ တစ်ဦးတစ်ယောက်မဟုတ်ဘဲ ပူးပေါင်းပါဝင်တဲ့ post ဖြစ်တာကြောင့် အလွယ်တကူ ဖျက်ခွင့်၊ ပြင်ခွင့်မရှိသင့်ကြောင်း အကြောင်းကြားစာပို့ခဲ့ပြီး Ben ရဲ့ account ကိုလည်း တစ်ပတ်ယာယီဆိုင်းငံလိုက်တယ်လို့ သိရပါတယ်။
တခြား platform တွေလိုပဲ အသုံးပြုသူတွေ ဖန်တီးတဲ့ content တွေကနေ အကျိုးအမြတ်ရယူနေတဲ့ Stack Overflow က ဒီ content တွေကို ပိုင်ဆိုင်ပါတယ်။ သူရဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ စည်းကမ်းချက်တွေအရ users တွေဟာ သူတို့ဖန်တီးထားတဲ့ content တွေကို အသုံးပြုခွင့် မပေးတော့ဘူးဆိုပြီး ပြန်လည်ရုပ်သိမ်းပိုင်ခွင့် မရှိဘူးလို့လည်း သိရပါတယ်။
Stack Overflow ဟာ ၎င်းရဲ့ site ကို ထည့်သွင်းဖော်ပြပေးရမယ်ဆိုတဲ့အချက် ပါဝင်တဲ့ Creative Commons 4.0 license ကို အသုံးပြုပါတယ်။
OpenAI နဲ့ Stack Overflow တို့ ပူးပေါင်းဆောင်ရွက်တော့မယ်လို့ ကြေငြာတဲ့အချိန်တုန်းက ChatGPT က အဖြေတွေဟာ Stack Overflow ကနေ လာရင် Stack Overflow ရဲ့ အဖြေဖြစ်ကြောင်း ထည့်သွင်းဖော်ပြသွားမယ်လို့ ဆိုပါတယ်။ ဒါက Gemini Cloud အတွက် Stack Overflow နဲ့ Google သဘောတူညီထားတဲ့ ပုံစံအတိုင်းပဲ ဖြစ်ပါတယ်။
Stack Overflow ကနေ လာတဲ့ အဖြေဆိုရင် ထည့်သွင်းဖော်ပြပေးမယ်ဆိုတဲ့အတွက် ChatGPT ဒါမှမဟုတ် တခြား bot တစ်ခုခုကနေ တုံ့ပြန်ဖြေဆိုတဲ့အခါ အဖြေထဲမှာ တစ်ချို့အစိတ်အပိုင်းတွေက ယခုလို source အတိအကျမဟုတ်ရင် ဘယ် source ကို အသုံးချပြီး ဖြေဆိုနေတယ်ဆိုတဲ့ ပွင့်လင်းမြင်သာမှုကတော့ အခုချိန်ထိ မရှိသေးပါဘူး။
Reference: Stack Overflow is feeding programmers’ answers to AI, whether they like it or not by TheVerge
AMC HACKS