Meta က free သုံးလို့ရမယ့် AI assistant ဖြစ်တဲ့ Meta AI ကို သူရဲ့ ဆိုရှယ်မီဒီယာ platform တွေ ဖြစ်ကြတဲ့ WhatsApp၊ Instagram၊ Facebook နဲ့ Messenger တို့မှာ ပြီးခဲ့တဲ့ ကြာသပတေးကစလို့ စတင်မိတ်ဆက်ခဲ့ပါတယ်။
ဒါက AI နယ်ပယ်မှာ လက်ရှိ ကုမ္ပဏီရဲ့ အကြီးမားဆုံး လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဒီ assistant က မေးခွန်းများကို ဖြေဆိုနိုင်ရုံသာမက animation နဲ့ ပုံတွေလည်း ဖန်တီးနိုင်တယ်လို့ Meta CEO Mark Zuckerberg က ဗီဒီယိုတစ်ခုမှာ ပြောကြားထားပါတယ်။ Meta AI ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးဖန်တီးထားတဲ့ large language model ဖြစ်တဲ့ Meta Llama 3 ကို အသုံးပြုပြီး ဖန်တီးထားကြောင်းကို ကြာသပတေးနေ့က Llama 3 အကြောင်း မိတ်ဆက်ရင်း ပြောကြားခဲ့ပါသေးတယ်။
ဒီ AI tool က OpenAI ရဲ့ ChatGPT နဲ့ Google ရဲ့ Gemini တို့ရဲ့ အပြိုင် tool တစ်ခု ဖြစ်လာပေမယ့် ထူးခြားတဲ့လှည့်ကွက်တစ်ခုအနေနဲ့က Meta ဟာ ကုမ္ပဏီနှစ်ခုလုံးရဲ့ search engines များမှ ရလဒ်တွေကို သူရဲ့ AI tool ကို ပံ့ပိုးပေးဖို့ရာအတွက် Google နဲ့ Microsoft တို့ကို ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။
“Meta AI က free အသုံးပြုနိုင်တဲ့ အသိဉာဏ်အရှိဆုံး AI assistant ဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ Meta CEO Mark Zuckerberg က ဗီဒီယိုမှာ ပြောကြားထားပါသေးတယ်။
Products များ ကြေညာအပြီးမှာ Meta ရဲ့ ရှယ်ယာတွေက ပြီးခဲ့တဲ့ April 18 ရက် ကြာသပတေးနေ့မှာ 1% ကျော်တက်သွားတယ်လို့လည်း သိရပါတယ်။
Meta AI က WhatsApp၊ Instagram၊ Facebook နဲ့ Messenger app တွေရဲ့ search box မှာ တည်ဆောက်ထားတာကြောင့် သုံးစွဲသူတွေက အလွယ်တကူ မေးခွန်းများ မေးမြန်းနိုင်မှာဖြစ်ပါတယ်။
ဥပမာအနေနဲ့ သုံးစွဲသူတွေက စားသောက်ဆိုင် အကြံပြုချက်တွေကို လိုချင်တာမျိုး၊ အားလပ်ရက်အတွက် plan ကူစဉ်းစားပေးတာမျိုး ဒါမှမဟုတ် တိုက်ခန်းအသစ်ကို ဘယ်လို အလှဆင်သင့်တယ်ဆိုတဲ့ အကြံဉာဏ်ပေးတာမျိုးတို့ကို Meta AI က ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
ထုတ်ပြန်ထားချက်အရ အသုံးပြုသူများဟာ သင်္ချာပုစ္ဆာကိုဖြေရှင်းတာတွေ ပရော်ဖက်ရှင်နယ်အီးမေးလ်စာရေးခြင်း စတဲ့ ကိစ္စရပ်တွေအတွက် မေးမြန်းနိုင်တဲ့ meta ရဲ့ ကိုယ်ပိုင် AI assistant website ဖြစ်တဲ့ “meta.ai” မှာလည်း Meta AI ပါဝင်မယ်လို့ သိရပါတယ်။ အသုံးပြုသူများသည် ၎င်းတို့ရဲ့ conversations များကို နောင်အကိုးအကားများအတွက်လည်း မှတ်တမ်းတင်ထားနိုင်ပါသေးတယ်။
Assistant ရဲ့ Image Generation Feature ကိုလည်း WhatsApp နဲ့ MetaAI website မှာ beta အနေနဲ့ ရနိုင်မှာဖြစ်ကြောင်း Meta မှ ပြောကြားခဲ့ပါတယ်။ အသုံးပြုသူများဟာ စာရိုက်နေစဉ်အတွင်းမှာပဲ ပုံတစ်ခုပေါ်လာမှာကို တွေ့ရမှာဖြစ်ပြီး Meta AI ကနေ ပုံကို ပြောင်းလဲဖို့ ပြုပြင်မွမ်းမံရဖို့အတွက် တောက်လျှောက်ကူညီပေးနေမှာပါ။ ပုံများကို အသုံးပြုသူများ မျှဝေနိုင်မယ့် animated GIF အဖြစ်လည်း ပြောင်းလဲနိုင်ပါသေးတယ်။
Meta ဟာ စက်တင်ဘာလတုန်းတည်းက ၎င်းရဲ့ Connect အစီအစဉ်ကနေ Meta AI ကို beta အဖြစ်လာမှာဖြစ်ကြောင်း ပထမဆုံးမိတ်ဆက်ခဲ့တာပါ။ ယခုဆိုရင် အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်နဲ့ သြစတြေးလျတို့ အပါအဝင် နိုင်ငံပေါင်း ဒါဇင်ကျော်မှာ ကြာသပတေးနေ့မှ စတင်ကာ Meta AI Assistant ကို အင်္ဂလိပ်ဘာသာနဲ့ စတင်ဖြန့်ချီထားပြီး ဖြစ်ပါတယ်။
Reference: Meta’s new AI assistant is rolling out across WhatsApp, Instagram, Facebook and Messenger by CNBC
AMC HACKS