iOS 17.5 မှာ ဖျက်လိုက်တဲ့ ဓာတ်ပုံတွေ ပြန်လည်ပေါ်လာတဲ့ bug တစ်ခုရှိနေပြီးတော့ ဒီပြဿနာက data တွေကို erase လုပ်ပြီးမှ တခြားသူထံ ပြန်လည်ရောင်းချထားတဲ့ iPhone နဲ့ iPad တွေမှာပါ သက်ရောက်မှု ရှိနေပါတယ်။
Reddit အသုံးပြုသူတစ်ဦးက သူရဲ့ iPad ကို အသိ မိတ်ဆွေထံ မရောင်းချမီ 2023 ခုနှစ် စက်တင်ဘာလမှာ Apple ရဲ့ လမ်းညွှန်ချက်မှာ ပါရှိတဲ့အတိုင်း data တွေကို ဖယ်ရှားခဲ့ပါတယ်။ ထိုမိတ်ဆွေက ယခုသီတင်းပတ်မှာပဲ iPad ကို iPadOS 17.5 ကို update လုပ်လိုက်တဲ့အခါမှာ ဖုန်းပိုင်ရှင်အဟောင်းရဲ့ ဓာတ်ပုံဟောင်းတွေကို Photos app မှာ ပြန်လည်တွေ့မြင်လာရတဲ့အကြောင်း ဖုန်းဆက်အကြောင်းကြားတယ်လို့ သိရပါတယ်။ ဒါက ကြီးမားတဲ့ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု ဖြစ်ပြီးတော့ တချို့ အသုံးပြုသူတွေလည်း ဒီပြဿနာမျိုး ကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။
ဒီ iPad က 12.9 လက်မရှိတဲ့ fourth generation iPad Pro ပဲ ဖြစ်ပါတယ်။ ဖုန်းပိုင်ရှင်အဟောင်းက iPad ကနေ data တွေကို ဖယ်ရှားပြီးတဲ့နောက်မှာ Apple ID နဲ့ login ပြန်ဝင်ခဲ့တာမျိုး မရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒါမို့လည်း ဒီပုံအဟောင်းတွေ ပြန်ပေါ်လာရတဲ့အကြောင်းပြချက်ကို ဂဃနဏ မသိရသေးပါဘူး။
ယခု သီတင်းပတ်အစောပိုင်းမှာ iOS update လုပ်ပြီးတဲ့နောက် ဖျက်လိုက်တဲ့ ဓာတ်ပုံတွေ ပြန်လည်ပေါ်လာတယ်ဆိုတဲ့ တခြားအသုံးပြုသူတွေရဲ့ report တွေကိုလည်း တွေ့ရှိရပါတယ်။ ဒီ report တွေရဲ့ သက်ဆိုင်ရာ အသုံးပြုသူတွေကတော့ သူတို့ရဲ့ စက်ပစ္စည်းတွေကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် iCloud Photo Libraries တွေနဲ့ Apple ID များမှာ ဝင်ရောက်အသုံးပြုထားသူတွေ ဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိထားတဲ့ report အရ data တွေကို ရှင်းလင်းပြီးမှ ရောင်းချထားတဲ့ ဒီ iPad က ၎င်းမှာ ဝင်ရောက်အသုံးပြုခြင်းမပြုတော့တဲ့ Apple ID ကနေ ဓာတ်ပုံဟောင်းတွေကို တစ်နည်းနည်းနဲ့ ပြန်လည်ရယူနေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Reddit အသုံးပြုသူရဲ့ ပြန်လည်ပေါ်လာတဲ့ ဓာတ်ပုံတွေက 2017 ခုနှစ်တုန်းက ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပုံတွေကို အစပိုင်းတုန်းက iPhone မှာ ရိုက်ယူခဲ့တာဖြစ်ပြီး iCloud Photo Library မှတစ်ဆင့် iPad ကို sync လုပ်ထားတဲ့အတွက်ကြောင့် data တွေ ရှင်းလင်းပြီး မရောင်းချခင်ကတည်း ကတော့ ဒီပုံတွေက iPad မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။
တခြားအသုံးပြုသူတွေကလည်း လွန်ခဲ့တဲ့နှစ်များမှ (2010 ခုနှစ်နှောင်းပိုင်းအထိ) ဓာတ်ပုံတွေက ဘာကြောင့် ရုတ်တရက်ပြန်ပေါ်လာတယ်ဆိုတဲ့ အကြောင်းပြချက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။ ဒီပြဿနာက အသုံးပြုသူအားလုံးကို သက်ရောက်မှု မရှိတဲ့အပြင် ဖျက်လိုက်တဲ့ ပုံတိုင်းလည်း ပြန်ပေါ်လာတာ မဟုတ်ဘူးလို့ သိရပါတယ်။
Apple devices တွေမှာ ပုံတွေကို ဖျက်လိုက်ရင် ရက် 30 အတွင်း Recently Deleted Section ကနေ ပြန်ဖော်လို့ ရပါတယ်။ ဒီ section မှာပါ ဓာတ်ပုံတွေကို ဖျက်လိုက်ရင်တော့ ပြန်ဖော်လို့ မရတော့ဘဲ လုံးဝဖျက်ပေးရမှာပဲ ဖြစ်ပါတယ်။ Apple အနေနဲ့ အချို့သော အသုံးပြုသူတွေဆီမှာ ဓါတ်ပုံတွေ ပြန်ပေါ်လာရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဖြေရှင်းချက် တစ်စုံတစ်ရာမပေးသေးပါဘူး။ data တွေကို ရှင်းလင်းဖယ်ရှားပြီးမှ ရောင်းချခဲ့တဲ့ စက်ပစ္စည်းမှာ ပြန်လည်ပေါ်လာတဲ့ ဓာတ်ပုံဟောင်းတွေနဲ့ ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ရာ မျှော်လင့်နေကြကြောင်း သိရပါတယ်။
Reference: iOS 17.5 Bug May Also Resurface Deleted Photos on Wiped, Sold Devices by MacRumors
AMC HACKS