Google ရဲ့ Shopping AI Feature သစ် ၂ ခု

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

Google ဟာ သူ့ကိုယ်ပိုင် Google online shopping တွေအတွက် features အသစ် ၂ ခု မိတ်ဆက်ခဲ့ပါတယ်။ ဒီ feature ၂ ခုဟာ အဝတ်တွေကို အသေးစိတ်ပြည့်ပြည့်စုံစုံရှာဖွေနိုင်ဖို့နဲ့ ခန္ဓာကိုယ်အချိုးအစားတွေအပေါ်မူတည်ပြီး အဝတ်ဝတ်တဲ့အခါ ဘယ်လိုပုံစံပေါ်နိုင်မလဲဆိုတာ ပုံဖော်သိရှိစေနိုင်ဖို့အတွက် ဖြစ်ပါတယ်။

June 14 ရက်နေ့က စတင်ပြီး US က Google Shopping အသုံးပြုသူတွေဟာ အဝတ်အစားတွေ တကယ့်လူမော်ဒယ်တွေမှာ ဘယ်လိုပုံစံရှိမလဲဆိုတာကို သဘာဝဆန်ဆန်ပြသပေးနိုင်တဲ့ visual try-on experience ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ မော်ဒယ်တွေဟာ အသားအရောင်အမျိုးမျိုး၊ လူမျိုး အမျိုးမျိုး၊ ဆံပင်ပုံစံအမျိုးမျိုး ရှိပြီး ခန္ဓာကိုယ်အချိုးအစားတွေဟာလည်း XXS ကနေ 4XL အထိရှိကာ အသုံးပြုသူတွေကို သူတို့နဲ့ပုံစံဆင်တူတဲ့ ခန္ဓာကိုယ်အချိုးအစားမှာ ဘယ်အဝတ်အစားဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာကို မြင်သာနိုင်ဖို့အတွက် ပြသကူညီပေးနိုင်ပါတယ်။

အစပိုင်း‌မှာ‌တော့ visual try-on experience မှာ H&M, Anthropologie, Everlane နဲ့ Loft စတဲ့ တံဆိပ်တွေမှ အမျိုးသမီးအပေါ်ဝတ်တွေပဲ ရရှိနိုင်ဦးမှာဖြစ်ပြီး ယခုနှစ်နောက်ပိုင်းမှာတော့ ယောက်ျားလေးအပေါ်ဝတ်နဲ့ တခြားအဝတ်အစားတွေပါ ရရှိနိုင်လာမယ်လို့ Google က အာမခံထားပါတယ်။ ယခု feature ဟာ မဝယ်ခင်မှာ ဝယ်မယ့်အဝတ်အစား ဘယ်လိုပုံစံရှိနိုင်လဲဆိုတာကို မှန်မှန်ကန်ကန်ပြသပေးခြင်းဖြင့် ဝယ်ယူသူတွေ အဆင်ပြေစေဖို့ ပြုလုပ်ထားတာပါ။

ကုမ္ပဏီရဲ့ shopping data တွေအရ ၅၉ ရာခိုင်နှုန်းသော online ဝယ်ယူသူတွေဟာ သူတို့ခန္ဓာကိုယ်ပေါ်မှာ မျှော်လင့်ထားတဲ့အတိုင်း ပုံစံမပေါ်လို့ စိတ်ပျက်ကြပြီး ၄၂ ရာခိုင်နှုန်းကတော့ online clothing models တွေလို ဖြစ်မနေဘူးလို့ ဆိုထားကြပါတယ်။

Google Shopping ရဲ့ visual try-on experience feature ဟာ diffusion-based generative AI model ကို အသုံးပြုထားပြီး model အလုပ်လုပ်ပုံကတော့ ဓာတ်ပုံထဲကို Gaussian noise တွေထည့်သွင်းပြီးနောက် သဘာဝကျတဲ့ပုံတွေထုတ်လုပ်နိုင်ဖို့အတွက် model က ဘယ်ဟာတွေကို ဘယ်လိုဖယ်ရမယ်ဆိုတာမျိုး သင်ယူဖို့ train ထားတာပါ။

ဒီနည်းစနစ်ကြောင့် Google AI model ဟာ များစွာသော ရှိပြီးသား မော်ဒယ်တွေ ဘယ်လိုပုံစံနေနေ ကိုယ်နေဟန်ထားဘယ်လိုရှိရှိ အဝတ်အစားဟာ ဘယ်နေရာ တွန့်မယ်၊ ဘယ်နေရာခေါက်မယ်၊ ဘယ်နေရာ ကပ်မယ်၊ ဘယ်နေရာပြန့်နေမယ်ဆိုတာတွေကို သဘာဝကျကျ ပုံဖော်ပေးနိုင်သွားပါတယ်။ Google Shopping က မော်ဒယ်တွေဟာ AI မှ ထုတ်ထားတာမဟုတ်ပဲ လူမော်ဒယ်ပုံတွေမှာ အဝတ်အစားတွေ ပုံဖော်နိုင်ဖို့တွက်ပဲ AI ကို အသုံးပြုထားတာပါ။

Google Shopping မှာ Filter အသစ်တွေလည်း ထည့်သွင်းထားပြီး ဝယ်ယူသူတွေရှာထားတဲ့ ရှပ်အင်္ကျီ၊ ဂျက်ကပ်တွေကို ပုံစံတူ pattern ကွဲပြီး ပိုဈေးသက်သာတဲ့ တခြားအရာတွေ ပြသပေးနိုင်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာပါ။ Machine learning နဲ့ visual matching algorithms အသုံးပြုထားပြီး ဝယ်ယူသူတွေကို color, style နဲ့ patterns တွေ ထည့်သွင်းစေကာ အချက်အလက်တွေနဲ့ အတူဆုံး ပစ္စည်းကို အမျိုးမျိုးသော online clothing stores တွေကနေ ရှာဖွေပေးမှာပါ။ ယခု feature ကို Google Shopping ရဲ့ Product Listings ထဲမှာ အသုံးပြုနိုင်ပြီးဖြစ်ပြီး အပေါ်ဝတ်တွေအတွက်ပဲ အသုံးပြုနိုင်ဦးမှာပါ။ ဒီ feature ကို တခြားအဝတ်အစားပုံစံတွေအတွက် ဘယ်အချိန်အသုံးပြုနိုင်မလဲဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။

March လတုန်းကလည်း Levi က online shopping‌ တွေအတွက် modeling ရွေးချယ်မှုတွေ တိုးချဲ့နိုင်ဖို့ AI အသုံးပြုနေကြောင်း ကြေညာခဲ့ပါသေးတယ်။ Google လို တကယ့်လူမော်ဒယ်အစစ်တွေ သုံးတာမျိုးမဟုတ်ဘဲ AI နဲ့ ထုတ်ထားတဲ့ မော်ဒယ်တွေကို စမ်းသပ်အသုံးပြုမှာဖြစ်ပြီး ထိုသို့ပြုလုပ်တာဟာ ကုမ္ပဏီရဲ့ ဈေးဝယ်မှုအတွေ့အကြုံကို အမျိုးမျိုးပြောင်းလဲပေးနိုင်ဖို့ ကူညီနိုင်လိမ့်မယ်လို့ အစပိုင်းမှာ အာမခံထားခဲ့ပါတယ်။

Reference: New Google Shopping feature uses AI to model clothing on different body types by The Verge

Related