“free သုံးလို့ ရတဲ့အပြင် မြန်မာဘာသာပါ တိုးတက်လာတဲ့ OpenAI ရဲ့ GPT – 4o”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

OpenAI က AI model အသစ် GPT-4o နဲ့တကွ desktop service အသစ်နဲ့ voice assistant စွမ်းဆောင်ရည်တွေ တိုးတက်လာတဲ့ updates တွေကို တနင်္လာနေ့တုန်းက ကြေညာခဲ့ပါတယ်။

နည်းပညာအရာရှိချုပ် Mira Murati က AI ရဲ့ ခြေလှမ်းသစ်တစ်ခုအနေနဲ့ ဒီ model ကို OpenAI ရုံးခန်းတွေအတွင်းက စင်မြင့်ပေါ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။ ပိုပြီး မြန်ဆန်တိကျလာတဲ့ model အသစ်ကို အရင်လို အခကြေးငွေနဲ့ မဟုတ်ဘဲ အခမဲ့ အသုံးပြုခွင့်ပေးမယ်လို့လည်းဆိုပါတယ်။

“ကျွန်တော်တို့ဟာ လူသားတွေနဲ့ စက်တွေကြားက အပြန် အလှန်ဆက်သွယ်နိုင်မှုဆိုတဲ့ အနာဂတ်ကို မြင်နေရပါပြီ။ GPT-4o က အဲ့ဒီအခြေအနေဆီကို အမှန်တကယ်ပြောင်းလဲပေးနေပါပြီ” လို့ Murati မှ ပြောကြားခဲ့ပါတယ်။

တနင်္လာနေ့တုန်းက OpenAI က ဖော်ပြခဲ့တဲ့ updates တွေထဲမှာ ChatGPT ရဲ့ နိုင်ငံတကာ ဘာသာစကားစွမ်းရည်တွေ တိုးတက်လာမှုနဲ့ ရုပ်ပုံ‌တွေ၊ အသံတွေ၊ စာသားစာရွက်စာတမ်းတွေကို upload လုပ်ပြီး model အနေနဲ့ ခွဲခြားစိတ်ဖြာနိုင်ခြင်းတို့ ပါဝင်ပါတယ်။

ဘာသာစကားစွမ်းရည် တိုးတက်လာတဲ့အထဲမှာ မြန်မာ ဘာသာစကားနဲ့ စမ်းသပ်အသုံးပြုကြည့်တဲ့အခါ အတော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ social media မှာလည်း မြန်မာက အသုံးပြုသူတွေ မြန်မာဘာသာစကားနဲ့ စမ်းသပ်အသုံးပြုထားတဲ့ screenshots တွေကို ဝေမျှထားကြပါတယ်။ ကုမ္ပဏီက ဒီ feature တွေကို ဘေးကင်းလုံခြုံစွာ အသုံးပြုကြကြောင်း သေချာစေဖို့ရာအတွက် ဖြည်းဖြည်းချင်းပဲ ဖြန့်ချီသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

OpenAI သုတေသနအဖွဲ့ရဲ့ ဦးဆောင်သူ နှစ်ဦးက model ရဲ့ အသံစွမ်းရည်အသစ်တွေကို အခမ်းအနားမှာ သရုပ်ပြခဲ့ကြပါသေးတယ်။ voice assistant က အချစ်နဲ့ စက်ရုပ်‌ တွေအကြောင်း အိပ်ရာဝင်ချိန် ပုံပြင်တစ်ပုဒ်ကို ဖန်တီးခဲ့ပြီးတော့ သုတေသီတွေက ဒီပုံပြင်ကို မတူကွဲပြားတဲ့ စိတ်ခံစားမှုအမျိုးမျိုး အသံနေအသံထားအမျိုးမျိုးနဲ့ ပြောဆိုစေခဲ့ပါတယ်။ နောက်သရုပ်ပြမှုတစ်ခုမှာ ဖုန်းကင်မရာအသုံးပြုပြီး AI မော်ဒယ်ကို သင်္ချာညီမျှခြင်းတစ်ခု ပြသခဲ့ပြီး ဒီညီမျှခြင်းကို အသံနဲ့ ဖြေရှင်းစေခဲ့ပါတယ်။

သရုပ်ပြမှုတစ်ခုမှာ သုတေသီတစ်ဦးက AI model ကို မျက်နှာအမူအရာကြည့်ခိုင်းပြီး သူရဲ့ စိတ်ခံစားမှု ဘယ်လိုဖြစ်နေလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ ChatGPT voice assistant က “အပြုံးတွေက ပျော်ရွှင်မြူးထူးပြီး စိတ်လှုပ်ရှားနေတာ ဖြစ်နိုင်တယ်” လို့ အကဲဖြတ်ပြောဆိုခဲ့ပါတယ်။ “မင်းကို ကြည့်ရတာ စိတ်ခံစားချက်တွေ ကျေနပ်ကောင်းမွန်နေပုံရတယ်။ ဘာကြောင့် ဒီလိုဖြစ်‌နေလဲဆိုတာ ပြောပြချင်လား” ဆိုပြီး ထပ်ဆောင်းပြောဆိုခဲ့ပါ‌သေးတယ်။

OpenAI က Google နဲ့ ယှဉ်ပြိုင်ဖို့ရာအတွက် search engine တစ်ခုကို မိတ်ဆက်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကောလဟာလတွေ ထွက်ပေါ်ခဲ့ပေမယ့် ကုမ္ပဏီက ဒီပရောဂျက်ကို ထုတ်ဖော်ဖို့ရာ နှောင့်နှေးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

သေးငယ်တဲ့ အမှားအနည်းငယ်လို့ ဆိုရမယ့် လွဲမှားတဲ့ တုံ့ပြန်မှု‌လေးတွေကလွဲလို့ သရုပ်ပြမှုအများစုကို ချောချောမွေ့မွေ့ ပြသနိုင်ခဲ့ပြီး features တွေကလည်း ရည်ရွယ်ထားတဲ့အတိုင်း ကောင်းမွန်စွာ အလုပ်လုပ်ကြပါတယ်။ OpenAI က သူ့ရဲ့ အသံစွမ်းရည်အသစ်ကို အလွဲသုံးစားလုပ်ခြင်းမှ တားဆီးနိုင်ဖို့ရာအတွက်လည်း ဆောင်ရွက်နေတယ်လို့ Murati မှ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်ကနေ facial recognition နဲ့ audio ထုတ်လုပ်တာတွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာကိုတော့ အနည်းငယ်သာ ဖော်ပြထားပါတယ်။

OpenAI က Apple ရဲ့ iPhone OS မှာ သူရဲ့ generative AI features တွေ ထည့်သွင်းနိုင်ဖို့ရာ သဘောတူညီချက်တစ်ခုလည်း အပြီးသတ်ဖို့ နီးစပ်နေပြီလို့ Bloomberg က ဖော်ပြခဲ့ပါတယ်။ Apple က Google ရဲ့ အထင်ကရ Gemini model လိုမျိုး ပြိုင်ဘက်တွေနဲ့ ယှဉ်နိုင်ဖို့ရာအတွက် generative AI ထုတ်ကုန် မရှိတာကြောင့် AI ပိုင်းဆိုင်ရာ resources တွေ ရရှိနိုင်ဖို့အတွက် တစ်ဖက်လှည့်နဲ့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ ChatGPT ရဲ့ အသံစွမ်းဆောင်ရည်က Apple ရဲ့ Siri က စွမ်းဆောင်နိုင်တာထက် ပိုပြီးအဆင့်မြင့်တဲ့ features တွေကို ပေးစွမ်းနိုင်တယ်လို့ ယူဆလို့ ရပါတယ်။

OpenAI က သူရဲ့ထုတ်ကုန်တွေကို ချဲ့ထွင်နိုင်တဲ့အပြင် အတူလက်တွဲလုပ်ဆောင်မယ့် partnership တွေ ရှာဖွေနိုင်ပေမယ့် မူပိုင်ခွင့်ချိုးဖောက်မှုတွေကြောင့် ထုတ်ဝေသူတွေနဲ့ မီဒီယာတွေရဲ့ တရားစွဲဆိုမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ New York Times ရဲ့ content တွေကို OpenAI ဟာ AI models တွေ လေ့ကျင့်သင်ကြားပေးဖို့ရာအတွက် ခွင့်ပြုချက်မရဘဲ တရားမဝင် အသုံးပြုနေတာကြောင့် နစ်နာကြေး ဘီလီယံနဲ့ချီပြီး ပေးဆောင်ရနိုင်ချေရှိပါတယ်။

Reference: New GPT-4o AI model is faster and free for all users, OpenAI announces by TheGuardian

AMCHACKS

Related