New York မှ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ law firm မှာ legal research တွေအတွက် AI tool တစ်ခုဖြစ်တဲ့ ChatGPT ကို အသုံးပြုနေတာကြောင့် တရားရင်ဆိုင်နေရပါတယ်။
အမှုစာတွဲတွေဟာ တကယ်မရှိခဲ့တဲ့ အမှုတွေကို ကိုးကားထားတာကြောင့် တရားသူကြီးက တရားရုံးဟာ အရင်ကမဖြစ်ခဲ့ဖူးတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ပြောလာပါတယ်။
မူရင်းအမှုမှာ လူတစ်ယောက်က မိမိထိခိုက်ဒဏ်ရာရရှိမှုနဲ့ လေကြောင်းလိုင်းတစ်ခုကို တရားစွဲထားတာပါ။ သူ့ရဲ့ဥပဒေအကျိုးဆောင်အဖွဲ့က ဒီအမှုဟာ ဘာကြောင့် ရှေ့ဆက်လုပ်ဆောင်သင့်သလဲဆိုတာကို ဖြစ်ပြီးခဲ့တဲ့ ဆင်တူအမှုတွေကို သာဓကအနေနဲ့ ကိုးကားထားတဲ့ အကျဉ်းချုပ်တစ်ခုကို တင်ပြထားခဲ့ပါတယ်။
ဒါပေမယ့် လေကြောင်းလိုင်းဘက်မှ ရှေ့နေတွေဟာ ထိုအမှုတွဲမှာ ကိုးကားထားတဲ့အမှုတွေကို ရှာမတွေ့ဘူးလို့ တရားသူကြီးကို ပြောလာတာပါ။ တင်ပြထားတဲ့အမှုတွေထဲက ၆ ခုဟာ အတုအယောင်စာတွေ အတုအယောင်ကိုးကားချက်တွေနဲ့ အတုအယောင်အမှုဆုံးဖြတ်ချက်တွေဖြစ်တယ်လို့ တရားသူကြီးဖြစ်သူ Castel က ပြောလာပြီး တရားစွဲတဲ့ဘက်ကို ဒီကိစ္စအကြောင်း ရှင်းပြခိုင်းလာတာပါ။
စစ်ဆေးပြီးနောက်မှာ ထိုအမှုကို လိုက်တဲ့ရှေ့နေဖြစ်သူ Peter LoDuca က အချက်အလက်တွေကို သူကိုယ်တိုင်ရှာဖွေထားတာမဟုတ်ပဲ သူနဲ့ law firm တစ်ခုတည်းမှာ အလုပ်လုပ်တဲ့ရှေ့နေဖြစ်သူ Steven A Schwartz ပြင်ဆင်ထားတာဖြစ်ကြောင်း သိလာရပါတယ်။ အကျိုးဆောင်ရှေ့နေအဖြစ်နဲ့ အနှစ် ၃၀ ကျော် လုပ်သက်ရှိနေပြီဖြစ်တဲ့ ထိုရှေ့နေဟာ ထိုအမှုနဲ့ ဆင်တူတဲ့အမှုတွေကို ChatGPT ကနေ ရှာဖွေထားကြောင်း ပေါ်လာတာပါ။
ထိုရှေ့နေရဲ့ စာထဲမှာတော့ ထိုအမှုကိုင်သူ Peter LoDuca ဟာ ထိုအမှုတွဲအတွက် ကိုးကားတင်ပြချက်တွေ အချက်အလက်သုတေသနပြုလုပ်မှုတွေကို တစ်ခုမှ မသိပါဘူး၊ သူကိုယ်တိုင်ပဲ လုပ်ထားမိတာပါလို့ ဝန်ခံထားပါတယ်။ သူဟာ AI chatbot ကို ယုံစားကိုးကားမိတဲ့အတွက် အကြီးအကျယ် နောင်တရနေပြီး ယခုလိုမျိုးလည်း တစ်ခါမှ မလုပ်ဖူးတာမို့ အချက်အလက်တွေက မှားယွင်းနိုင်တယ်ဆိုတာကို သူလုံးဝ သတိမထားမိဘူးလို့ ဆိုထားပါတယ်။ သူဟာ နောက်ကျ အချက်အလက်တွေ တကယ့်အစစ်အမှန်ဖြစ်ကြောင်း သေချာရေရာတဲ့ စစ်ဆေးထားခြင်းမရှိပဲ ဘယ်တော့မှ AI ကို ကိုးကားအသုံးမပြုတော့ပါဘူးလို့လည်း တခါတည်း ခံဝန်ကတိပေးသွားပါသေးတယ်။
Mr Schwartz နဲ့ ChatGPT တို့ ထိုအမှုအတွက် အပြန်အလှန်ပြောထားသမျှကို screenshots တွေနဲ့ တင်ပြထားပါတယ်။ ထိုအထဲမှာ အမှုတစ်ခုကို အစစ်အမှန်လားလို့ မေးထားတာတွေရပြီး ရှေ့နေတွေ လုံးဝရှာမတွေ့တဲ့အမှုတစ်ခုဖြစ်နေတာပါ။ ChatGPT ကတော့ တကယ့်အစစ်ဖြစ်ပါတယ်လို့ ပြန်ဖြေထားပြီး အထောက်အထား ထပ်မေးတဲ့အခါမှာလည်း တကယ့်အစစ်ပါလို့ ထင်ဖြေထားပြီး ကိုးကားထားတဲ့ နေရာတွေကို ပြောပြပါတယ်။ အမှုတစ်ချို့က လွဲနေပေမယ့် ChatGPT မှပေးတဲ့ တခြားအမှုတွေကတော့ တကယ့်အမှုအစစ်တွေ ဖြစ်နေပါတယ်။
ထိုရှေ့နေတွေအလုပ်လုပ်တဲ့ Levidow, Levidow & Oberman law firm ကိုတော့ June 8 ရက်နေ့မှာ သူတို့ကို ဘာကြောင့် အပြစ်မပေးသင့်လဲဆိုတာ ဖြေရှင်းဖို့ ကြားနာမှုတစ်ခု ပြုလုပ်ရမှာပါ။
ChatGPT ဟာ November 2022 မှာ စတင်ထုတ်လုပ်လိုက်တဲ့အချိန်ကစလို့ လူသန်းပေါင်းများစွာ အသုံးပြုနေပါပြီ။ မေးသမျှကို လူကဲ့သို့ ပြန်ဖြေပေးနိုင်ပြီး စာရေးပုံတွေပါ တုပကာ ပြန်ထုတ်ပေးနိုင်နေတာပါ။ ဒါပေမယ့် ယခုကိစ္စကြောင့် AI အသုံးပြုခြင်းဟာ မမှန်ကန်တဲ့အချက်အလက်တွေပဲ ဘက်လိုက်တဲ့ အစွဲရှိတဲ့အချက်အလက်တွေ ပါဝင်လာနိုင်မယ်ဆိုတာကိုတော့ တဖြည်းဖြည်း စိုးရိမ်မှု မြင့်တက်လာနေပါပြီ။
Reference: “ChatGPT: US lawyer admits using AI for case research” by BBC