ChatGPT ကို တီထွင်ထားတဲ့ OpenAI ရဲ့ CEO ဖြစ်သူ Sam Altman ဟာ သူတို့ နည်းပညာအသစ်ရဲ့ ဖြစ်နိုင်ခြေတွေနဲ့ မထင်မှတ်ထားတဲ့ အန္တရာယ်တွေအတွက် ဆီးနိတ်လွှတ်တော်မှာ မနေ့က (May 16) သက်သေခံထွက်ဆိုထားပါတယ်။
ဈေးကွက်အတွင်းကို သိပ်မကြာခင် လပိုင်းအတွင်းမှာပဲ AI models အများအပြား ဝင်ရောက်လာတော့မှာ ဖြစ်တဲ့အတွက် ဒီ AI ကုမ္ပဏီတွေအတွက် အေဂျင်စီအသစ် ပုံဖော်သင့်တယ်လို့ Altman က ပြောထားပါတယ်။
အသက် 38 ရှိပြီဖြစ်တဲ့ Mr. Altman ဟာ ဒီ industry ရဲ့ ပြောရေးဆိုခွင့်ရသူဖြစ်တာနဲ့အညီ AI ကြောင့် ဖြစ်ပေါ်လာတဲ့ ကျင့်ဝတ်တွေနဲ့ဆိုင်တဲ့ မေးခွန်းတွေကို ရှောင်ဖယ်မနေပဲ စည်းကမ်းတွေ ထိန်းညှိပေးဖို့ကိုပါ ပိုပြီး အားသန်နေတာပါ။
ChatGPT နဲ့ တခြား ပုံစံတူ AI product တွေက မေးခွန်းတွေကို လူကဲ့သို့ ဖြေနိုင်ပေမယ့် အမှားတွေအများကြီးလည်း ရှိနေပါသေးတယ်။
printing press လို့ခေါ်တဲ့ ပစ္စည်း ပေါ်ပေါက်ခဲ့တုန်းကလို AI ဟာ တွင်ကျယ်လာနိုင်ပေမယ့် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း နားလည်ထားဖို့လိုကြောင်း၊ AI ဟာ စီးပွားရေးပိုင်းဆိုင်ရာမှာလည်း အကျိုးသက်ရောက်မှုတွေ ရှိလာမှာဖြစ်ပြီး တစ်ချို့အလုပ်တွေကို AI နဲ့ အစားထိုးလာနိုင်ကာ တစ်ချို့နယ်ပယ်တွေမှာဆို အလုပ်ဖြုတ်ခံရတဲ့အထိ ဖြစ်လာနိုင်တယ်လို့ တစ်ပါတည်း ပြောကြားသွားပါတယ်။
ဒါပေမယ့် ဆိနိတ်လွှတ်တော်အမတ်တွေက OpenAI ကိုလည်း လူတွေ လွယ်လွယ်ကူကူ တရားစွဲလို့ ရနိုင်ဖို့ ဥပဒေအသစ်တွေ လိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့တာပါ။
Mr. Altman က ဥပဒေ ပြဌာန်းသူတွေကို AI က ဒီမိုကရေစီမှာ အကျိုးသက်ရောက်လာနိုင်တာကြောင့် စိုးရိမ်ကြောင်း၊ ရွေးကောက်ပွဲမှာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို AI အသုံးပြုပြီး ဖြန့်ဝေနိုင်ကြောင်း စတာတွေ ဆွေးနွေးခဲ့ပါတယ်။
AI လောကကို စည်းမျဉ်းစည်းကမ်းတွေ ထုတ်ဖို့အတွက်လည်း AI ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေ ပေးနိုင်၊ ရုတ်သိမ်းနိုင်တဲ့ စည်းကမ်းမျိုး ထုတ်နိုင်ဖို့၊ OpenAI ကဲ့သို့ ကုမ္ပဏီတွေကိုလည်း တသီးတခြားစီ စစ်ဆေးပေးဖို့ စတဲ့ အကြံပြုချက်များစွာလည်း ပေးခဲ့ပါတယ်။
ဆိနိတ်လွှတ်တော်အမတ်တွေကတော့ ဒီနည်းပညာက တစ်ခေတ်ဆန်းသစ်နိုင်တဲ့ နည်းပညာမျိုးဖြစ်လာနိုင်တာနဲ့အမျှ မကောင်းတဲ့အဖြစ်များတဲ့ အခြေအနေမျိုးဖြစ်မလာစေချင်ကြောင်း၊ social media တွေတုန်းကလည်း ယခုလိုမျိုး ဆုံးဖြတ်တားဆီးနိုင်ဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် သူတို့ မလုပ်နိုင်ခဲ့ကြောင်း၊ ဒါကြောင့် ယခု AI ကိုလည်း ဆိုးတဲ့ဘက်လျော့နည်းပြီး ကောင်းမွန်တဲ့လမ်းကြောင်းရောက်အောင် သေသေချာချာ စနစ်တကျ စီမံနိုင်ဖို့ လိုအပ်ကြောင်းတွေ ပြောဆိုသွားကြပါတယ်။
ဒီအယူခံဝင်ခြင်းမှာ သေချာတာတစ်ခုက 2 ဖက်လုံးဟာ AI industry မှာ စည်းမျဉ်းစည်းကမ်းတွေ ထုတ်နိုင်ဖို့ လုပ်ဆောင်ကြမှာဖြစ်ပေမယ့် နည်းပညာဟာ အလျင်အမြန် ရွေ့လျားတိုးတက်နေတာကြောင့် AI အတွက် အေဂျင်စီအသစ်ဟာ နည်းပညာနဲ့တန်းတူ လိုက်မှီနိုင်ပါ့မလားဆိုတာတော့ ဥပဒေပြဌာန်းသူတွေက စိုးရိမ်နေကြပါတယ်။
Reference : ‘Sam Altman: CEO of OpenAI calls for US to regulate artificial intelligence’ by BBC