Amazon ကနေ ဈေးဝယ်သူတွေအတွက် Rufus လို့ အမည်ရတဲ့ ဉာဏ်ရည်တုကိရိယာအသစ်ကို ကြာသပတေးနေ့က မိတ်ဆက်ခဲ့ပါတယ်။
ဒီကိရိယာရဲ့ အထောက်အပံ့နဲ့ ဈေးဝယ်တွေက ထုတ်ကုန်တွေကို ရှာဖွေဖို့ရာနဲ့ စျေးဝယ်ရာမှာ အကူအညီဖြစ်စေဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။ စျေးဝယ်သူတွေက Amazon mobile app ရဲ့ search bar ကနေ မေးခွန်း
တစ်ခုရိုက်ရှာတာ ဒါမှမဟုတ် speech နဲ့ ရှာဖွေတဲ့အခါမျိုးတွေမှာ mobile app screen ရဲ့ အောက်ခြေကနေ chat window တစ်ခု ပေါ်လာမှာပဲ ဖြစ်ပါတယ်။
အသုံးပြုသူတွေက “trail running shoes နဲ့ road running shoes ရဲ့ ကွာခြားချက်က ဘာလဲ” “ကော်ဖီဖျော်စက်အမျိုးအစားတွေမှာ drip နဲ့ pour-over တွေကို နှိုင်းယှဉ်ပါ” စတဲ့ မေးခွန်းတွေကို chat window ကနေ မေးလို့ရမှာပဲ ဖြစ်ပါတယ်။
“Rufus က ဈေးဝယ်တွေ သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်တွေကို ရှာဖွေတွေ့ရှိရာမှာ လွယ်ကူမြန်ဆန်စေဖို့အတွက် အရမ်းကို အထောက်အကူဖြစ်ပါတယ်” ဆိုတဲ့အကြောင်းကို Amazon က ဘလော့ဂ်ပို့စ်တစ်ခုမှာလည်း ပြောကြားထားပါတယ်။
နောက်ပြီး Rufus က Amazon ရဲ့ ထုတ်ကုန်တွေ၊ ဈေးဝယ်တွေရဲ့ အမေးအဖြေနဲ့ reviews တွေ အပြင် web တစ်ခွင်က အချက်အလက်ပေါင်းများစွာကိုလည်း အသုံးပြုထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ Rufus ကို အမေရိကန်မှာရှိတဲ့ သုံးစွဲသူအနည်းစုနဲ့ စမ်းသပ်နေတာဖြစ်ပြီး လာမည့်သီတင်းပတ်များအတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြန့်ချီဖို့ရာ ရည်ရွယ်ထားကြောင်း Amazon မှ ပြောကြားထားပါတယ်။
CEO Andy Jassy က လက်ရှိမှာ company ရဲ့ စီးပွားရေး လုပ်ငန်းစဉ်တွေမှာ AI ကို ထည့်သွင်းအသုံးချဖို့ စီစဉ်နေကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။ Amazon ဟာ လာမယ့် ကြာသပတေးနေ့မှာ စတုတ္ထသုံးလပတ်ဝင်ငွေတွေကို အစီရင်ခံရင်းနဲ့ company ရဲ့ AI ပိုင်းဆိုင်ရာ ကြိုးပမ်းမှုတွေအပေါ်မှာ update သတင်းတစ်ခု ပေးဖို့ရာလည်း ရှိပါတယ်။
Amazon က OpenAI ရဲ့ ChatGPT ကနေ AI အသုံးချမှု ပျံ့နှံ့လာမှုကို အရင်းပြုပြီးတော့ မကြာသေးတဲ့ လတွေတုန်းက AI နဲ့ ဝန်ဆောင်မှုများစွာကို စတင်ထုတ်လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ကုမ္ပဏီက ဈေးဝယ်သူတွေရဲ့ မေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ရန်နဲ့ သုံးသပ်ချက်တွေကို အကျဉ်းချုံ့ဖို့ AI ကို စမ်းသပ်အသုံးချခဲ့ပြီး third party sellers တွေ စာရေးသားပြုစုရာမှာ အထောက်အကူဖြစ်ဖို့ရာအတွက်လည်း AI ကို စမ်းသပ်အသုံးချထားပါသေးတယ်။
လက်လီလုပ်ငန်းအပြင် စီးပွားရေးလုပ်ငန်းတွေအတွက် Q လို့ အမည်ရတဲ့ Chatbot နဲ့ cloud သုံးစွဲသူတွေအတွက် AI ဝန်ဆောင်မှုအဖြစ် Bedrock ကိုလည်း Amazon ကနေ မိတ်ဆက်ထားပါတယ်။
Reference: Amazon announces AI shopping assistant called Rufus by CNBC