ခွေးတွေ ကြောင်တွေ ငှက်တွေကို စကားပြောတယ်ဆိုတာ စိတ်မနှံ့သူတွေလုပ်တဲ့ အပြုအမူ မဟုတ်တော့ဘူးလား
လူမဟုတ်တဲ့ တခြားသတ္တဝါတွေနဲ့ စကားအပြန်အလှန်ပြောတယ်ဆိုတာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွေ၊ မှော်ဆန်ဆန်ဇာတ်လမ်းတွေထဲမှာပဲ တွေ့ဖူးကြမှာပါ။ superhero တွေရဲ့ ability လိုမျိုး တစ်ချို့တွေလည်း တိရိစ္ဆာန်တွေနဲ့ စကားပြောနိုင်ချင်ကြမယ် ထင်ပါတယ်။ အနည်းဆုံးတော့ အိမ်မွေးတိရိစ္ဆာန်ရှိသူတွေဟာ သူတို့ရဲ့ အိမ်မွေးလေးတွေနဲ့ ဆက်သွယ်ပြောဆိုချင်ကြတာ အိပ်မက်တစ်ခုဖြစ်မှာပါ။ ဒါဟာ စိတ်ကူးယဉ်သက်သက် မဟုတ်တော့ဘူးဆိုရင် ယုံနိုင်မလား။
AI ရဲ့ တိုးတက်ပြောင်းလဲလာမှုတွေနဲ့အတူ ဒီအိပ်မက်ဆန်ဆန် စိတ်ကူးတွေဟာ တကယ်ဖြစ်လာတော့မှာပါ။ သုတေသနပြုလုပ်သူတွေဟာ algorithms တွေကို အသုံးပြုပြီးတော့ တိရိစ္ဆာန်တွေရဲ့ အသံနေအသံထား၊ ရွေ့လျားသွားလာမှု၊ မျက်နှာအမူအရာ စတာတွေကို ဘယ်လိုအရာက ဘာကိုဆိုလိုလဲဆိုတာ ဖော်ထုတ်နိုင်အောင် လုပ်ဆောင်နေကြပါတယ်။ လူအချင်းချင်းပြောကြတဲ့ ဘာသာစကားတစ်ခုကနေ တစ်ခုကို ဘာသာပြန်ပေးနိုင်သလိုမျိုး တခြားသတ္တဝါတွေရဲ့ စကားတွေ အမူအယာတွေကိုလည်း ဘာသာပြန်ပေးနိုင်လာမယ့် အနေအထားပါ။
Earth Species Project လို့ခေါ်တဲ့ organization ဟာ တိရိစ္ဆာန်ကြား ဆက်ဆံပြောဆိုတာတွေကို အနက်အဓိပ္ပါယ်ဖွင့်ဆိုဖို့အတွက် ကြိုးစားနှစ်မြုပ်ထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဒီသုတေသနကို ထိပ်ဆုံးကနေ ဦးဆောင်လုပ်ကိုင်နေကြတာပါ။ ထိုအဖွဲ့အစည်းဟာ Machine Learning, Advanced Signal Processing နဲ့ AI စတာတွေကို အသုံးပြုပြီးတော့ လူအချင်းချင်းမဟုတ်တဲ့ ဆက်ဆံပြောဆိုခြင်းတွေကို ပြည့်ပြည့်စုံစုံ နားလည်သဘောပေါက်နိုင်ဖို့ ကြိုးစားနေကြပြီး လူသားနဲ့ တခြားသတ္တဝါတွေကြား စာနာစိတ်ကို အားပေးမြှင့်တင်နိုင်ဖို့ ရည်ရွယ်ထားကြတာပါ။ သူတို့ရဲ့ ပန်းတိုင်ကတော့ တိရိစ္ဆာန်တွေရဲ့ ဘာသာစကားတွေကို ဘာသာပြန်ပေးနိုင်တဲ့ open-source AI tools တွေပြုလုပ်ပြီး သတ္တဝါအချင်းချင်း အဓိပ္ပါယ်ရှိတဲ့ အပြန်အလှန်ဆက်ဆံရေးကို လမ်းခင်းပေးနိုင်ဖို့ ဖြစ်ပါတယ်။
ယခုဆိုရင် Earth Species Project မှ သုတေသနသမားတွေက prairie dog လို့ခေါ်တဲ့ အတင်းအဖျင်းပြောရတဲ့ နှစ်သက်တယ်လို့ နာမည်ကြီးကြတဲ့ ကိုက်ဖြတ်သတ္တဝါမျိုးနွယ် အကောင်လေးတွေရဲ့ အချင်းချင်းသတိပေး ပြောဆိုတဲ့ အသံလေးရဲ့ အဓိပ္ပါယ်လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ပြီဖြစ်ပြီး ထိုအကောင်လေးတွေဟာ ချစ်ဖို့ကောင်းရုံတင်မဟုတ်ပဲ သူတို့အချင်းချင်း ဘယ်လို ဆက်သွယ်ပြောဆိုနေကြတယ်ဆိုတာပါ သိရှိနိုင်ပြီ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပင်လယ်သမုဒ္ဒရာရဲ့ ဉာဏ်အရမ်းပြေးတဲ့ လင်းပိုင်လေးတွေရဲ့ ရှုပ်ထွေးတဲ့ အသံနေအသံထားတွေကိုလည်း ဒီအဖွဲ့အစည်းကပဲ machine learning အသုံးပြုပြီး ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သိပ်မကြာခင်မှာပဲ ပင်လယ်ထဲက လင်းပိုင်တွေ ငါးတွေနဲ့ စကားအပြန်အလှန်ပြောရင်း ပင်လယ်ကြီးရဲ့ လူတွေမသိသေးတဲ့ ဇာတ်လမ်း ဇာတ်ကြောင်းတွေကို နားထောင်နိုင်တော့မယ် ထင်ပါတယ်။
ဒီလို ရှာဖွေတွေ့ရှိမှုတွေဟာ အရမ်းအထင်ကြီးစရာကောင်းပေမယ့်လည်း တိရိစ္ဆာန်တွေနဲ့ တကယ်တမ်း အပြန်အလှန် ဆက်သွယ်ပြောဆိုနိုင်ဖို့အတွက် အခက်အခဲတွေ ရှိနေပါသေးတယ်။ တိရိစ္ဆာန်တွေရဲ့ စကားအပြန်အလှန်ပြောခြင်းတွေဟာ အသံနေအသံထားတွေအပြင် သူတို့ရဲ့ ကိုယ်လက်ခန္ဓာအနေအထား၊ အနံ့အသက်နဲ့ ပတ်ဝန်းကျင် ဆက်စပ်နေမှုတွေ အပေါ်မှာလည်း မူတည်သေးတာမို့ ထင်သလောက် မလွယ်ကူနိုင်သေးပါဘူး။ ဒါကြောင့် သူတို့ရဲ့အသံတွေ ပုံစံတွေဟာ ဘာကိုဆိုလိုနေသလဲဆိုတာ သိနိုင်ဖို့ဟာ စကားလုံးတွေကို ပုံမှန်အတိုင်း ဘာသာပြန်ရတာထက် ရှုပ်ထွေးနေမယ်ဆိုတာ နားလည်ကြမှာပါ။
ဒါ့အပြင် ကွဲပြားခြားနားတဲ့ မျိုးစိပ်တွေရဲ့ သိမြင်နိုင်စွမ်းရည်တွေကို အပေါ်ယံပဲ နားလည်နိုင်သေးတာဖြစ်ပြီး လူသားတွေရဲ့ ဘာသာစကားအမျိုးမျိုးကွဲပြားခြားနားသလိုပဲ တိရစ္ဆာန်တွေမှာလည်း သူတို့ရဲ့ ရှုပ်ထွေးကွဲပြားတဲ့ အပြန်အလှန်ဆက်သွယ်ခြင်းတွေ ရှိနေသေးတာကို သိရှိရမှာပါ။
ယခုလို ဆန်းသစ်တဲ့ အပြန်အလှန်ဆက်သွယ်ခြင်းတွေအတွက်လည်း ကျင့်ဝတ်တွေ ပါဝင်ပက်သက်လာဖို့လိုအပ်တယ်ဆိုတာ စဉ်းစားကြရဦးမှာပါ။ Earth Species Project နဲ့ တခြား ထိုကဲ့သို့ projects တွေကို အသုံးပြုပြီး တိရိစ္ဆာန်တွေရဲ့ စိတ်ထဲကို အတွင်းကျကျ နားလည်အောင် ကြိုးစားလာကြတာနဲ့အမျှ ထိုသို့စမ်းသပ်ချက်တွေပြုလုပ်ဖို့အတွက်နဲ့ တိရိစ္ဆာန်တွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်၊ ခန္ဓာကိုယ်နဲ့ သူတို့ရဲ့ အကျိုးတွေကိုလည်း ကြည့်ပေးဖို့ လိုအပ်လာမှာပါ။
တိရစ္ဆာန်နဲ့ လူသားတွေ သဟဇာတဖြစ်ဖြစ် အတူယှဉ်တွဲနေထိုင်နိုင်ဖို့ဆိုတာ ဒီလို ဆန်းသစ်တဲ့ နည်းပညာတွေတင်မကပဲ စာနာစိတ်နဲ့ အပြန်အလှန်လေးစားမှုတွေ လိုအပ်တယ်ဆိုတာလည်း မလွှဲမသွေပါ။ ဒီနည်းပညာဟာ ထပ်ပြီးတိုးတက်ပြောင်းလဲလာမှာဖြစ်တဲ့အတွက် သိပ်မကြာခင် လက်တစ်ကမ်းအလိုမှာပဲ တိရိစ္ဆာန်တွေနဲ့ စကားပြောနိုင်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းပညာ ကိုယ့်လက်ထဲရောက်ရှိလာရင် ဘယ်သတ္တဝါလေးတွေနဲ့ ဆက်သွယ် စကားပြောကြည့်မှာလဲ ဆိုတာ ယခုတည်းက တွေးကြည့်ထားကြဖို့ အကြံပြုပါတယ်။
Ref: https://www.foxnews.com/tech/talking-animals-see-what-ai-making-possible.amp