June 21 ကထွက်တဲ့ Marvel MCU ရဲ့ series သစ် Secret Invasion ဟာ စထွက်နဲ့ နေ့မှာပဲ အုတ်အော်သောင်းတင်း ဖြစ်ကုန်ပါတယ်။ ဒါပေမယ့် studio ထင်ထားသလို series မကောင်းလို့တော့ မဟုတ်ပါဘူး။
Secret Invasion ရဲ့ director Ali Selim က series ရဲ့ အဖွင့် credit ကို AI နဲ့ ထုတ်လုပ်ထားတယ်လို့ အတည်ပြုပြီး ပထမဆုံး episode ထုတ်ပြီးနောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။ ထို အဖွင့် credit ကို Method Studio က တာဝန်ယူထုတ်လုပ်ပေးခဲ့ပြီး Ali ကတော့ ယခုလို AI အသုံးပြုလိုက်တာဟာ ဒီ series ရဲ့ theme နဲ့ အံ့ဝင်ခွင်ကျဖြစ်တယ်လို့ ဆိုထားပါတယ်။
Director ဟာ AI အကြောင်း နားမလည်ပေမယ့်လည်း AI မှာ series အကြောင်း ရေးလိုက်ချိန်မှာ ထွက်လာတဲ့ series ထဲက Skull တွေရဲ့ ရုပ်ပြောင်းရုပ်လွှဲပုံတွေ၊ Skull ကမ္ဘာရဲ့ identity တွေ စတာတွေကို AI မှ ထုတ်ပေးလာတာအပေါ် အရမ်း ဘဝင်တွေ့သွားခဲ့တာပါ။ Series ရဲ့ အကြောင်းအရာနဲ့လည်း ကိုက်ညီမှုရှိနေတာကြောင့် AI နဲ့ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောကြားထားပါတယ်။
ဒါပေမယ့်လည်း ယခုလို တွေ့မြင်ပြီးချိန်မှာတော့ social media ပေါ်မှာ ကြည့်ရှုသူတွေဆီက မကောင်းတဲ့ တုံ့ပြန်မှုတွေ ရရှိလာခဲ့ပါတယ်။ ယခုလို AI အသုံးပြုလိုက်တာကြောင့် အဖွင့် credit ပြုလုပ်ပေးမယ့် Graphic Designers တွေနဲ့ Animators တွေ နေရာကို ဖယ်ရှားလိုက်သလို ဖြစ်သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာပါ။
WGA က သပိတ်မှောက်နေပြီး Motion Picture ရဲ့ အသင်းနဲ့ Television Producers တွေနဲ့ ညှိနှိုင်းမှုတွေ မအောင်မြင်ဖြစ်ပြီး နောက်ပိုင်း ယခုလို အငြင်းပွားမှုဟာ အချိန်ကိုက်ပေါ်ပေါက်လာတာကြောင့် လူပြောများစရာခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ကျန်ခဲ့တဲ့ ၈ ပတ်အတွင်း သပိတ်မောက်မှုတွေ ဖြစ်ခဲ့ပြီး AI မှ အလုပ်သမားတွေနေရာ အစားထိုးလာမှုအကြောင်းအရာက ထိပ်ဆုံး ဆွေးနွေးမှုခေါင်းစဉ်တစ်ခု ဖြစ်နေခဲ့ပါတယ်။
တစ်ချို့ social media အသုံးပြုသူတွေက ဇာတ်ညွှန်းရေးသူတွေရဲ့ အခက်အခဲတွေအကြောင်း အဓိက ပြောကြားထားကြပြီး တစ်ချို့ကတော့ ဒီ series ကို ဆက်မကြည့်တော့ဖို့ ဆုံးဖြတ်လိုက်ပြီလို့ပါ ပြောထားကြတာပါ။
Storyboard Artist တစ်ယောက်ဖြစ်သူ Jon Lam ကတော့ ယခုလိုပြုလုပ်လိုက်တာဟာ Artists နဲ့ Writers တွေအတွက် အနာပေါ် ဆားဖြူးလိုက်သလို ဖြစ်သွားပြီ လို့ twitter မှာ ရေးသွားပါတယ်။
Reference: ‘Secret Invasion’ Opening Credits Generated By AI, Prompting Backlash From Audiences by DeadLine