ကျွန်တော် ဒီနေ့ ဒုတိယအပိုင်းဖြစ်တဲ့ AI အမျိုးအစားတွေအကြောင်းကို ဆက်ပြီး ရှင်းပြပေးသွားပါမယ်။
၂။ AI အမျိုးအစားတွေက ဘာတွေလဲ
AI ကို အဓိကအားဖြင့်
1. Narrow AI
2. General AI
3. Super AI ဆိုပြီး အမျိုးအစား 3 မျိုး ခွဲခြားလို့ ရပါတယ်။
1. Narrow AI
Artificial Narrow Intelligence (ANI) လို့လည်း ခေါ်ပြီး Apple device တွေမှာပါတဲ့ Siri, Amazon ရဲ့ Alexa, Google ရဲ့ Google voice assistant စတဲ့ အရာတွေမှာ အသုံးပြုတဲ့ AI အမျိုးအစားပါ။ ဒီအမျိုးအစား AI က ယခုပြောခဲ့တဲ့ ဥပမာတွေလိုပဲ အသံဆိုလည်း အသံ၊ ပုံဆိုလည်း ပုံ၊ စာဆိုလည်း စာ စသည်ဖြင့် တိကျတဲ့အရာတွေကိုပဲ လုပ်ဆောင်နိုင်အောင် သီးခြား ရှိပြီးသား ပြဿနာတွေ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်အောင် ပုံစံထုတ် လေ့ကျင့်ပေးထားတဲ့ AI အမျိုးအစားပါ။
ဒီအမျိုးအစားဟာ AI အမျိုးအစားတွေထဲ အားအနည်းဆုံးအမျိုးအစားလို့လဲ နားလည်ထားလို့ရပါတယ်။ အထွေထွေအသိဉာဏ်မပါဝင်ပဲ တိကျသေချာတဲ့ ရှိပြီးသား အချက်အလက်တွေနဲ့ပဲ လေ့ကျင့်ပေးထားတာကြောင့်ပါ။
ဒီ AI အမျိုးအစားကို အသုံးပြုထားတဲ့ ဥပမာတွေကတော့ အပေါ်မှာပြောခဲ့တဲ့ voice assistants တွေ၊ လူမျက်နှာကို cctv ကနေ ဖတ်တာ ကားနံပါတ်ပြားကို camera ကနေ ဖတ်တာ စတဲ့ ဓာတ်ပုံအခြေခံတဲ့ image-recognition စနစ်တွေ၊ customer ရဲ့ အမေးတွေကို အလိုအလျောက်ဖြေပေးနိုင်တဲ့ စနစ်တွေ စတဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။
အားလုံးသိပြီးကြပြီဖြစ်တဲ့ ChatGPT ဟာလည်း Narrow AI အမျိုးအစားပဲ ဖြစ်ပြီး အသုံးပြုသူရိုက်ထည့်လိုက်တဲ့စာကိုပဲ အလိုအလျောက်ဖြေကြားပေးတဲ့စနစ်ဖြစ်ပါတယ်။
2. General AI
Artificial General Intelligence (AGI) လို့လည်း ခေါ်ပြီး အားကောင်းတဲ့ AI အမျိုးအစားပါ။ ဒီအမျိုးအစားက လက်ရှိမှာ concept တစ်ခု အနေနဲ့သာ ရှိသေးပြီး လူကလေးလေး တစ်ယောက်ကို သင်ပေးသလို စက်ဟာ လေ့လာဆည်းပူးပြီးတဲ့ အတွေ့အကြုံတွေကနေ မတူညီတဲ့ အလုပ်တွေကို နားလည်ပြီး လုပ်ကိုင်နိုင်တဲ့ အနေအထားတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒီ AI အမျိုးအစားဟာ လူတစ်ယောက်ရဲ့ အသိဉာဏ်နဲ့ တူတယ်လို့ သတ်မှတ်နိုင်ပြီး လူတစ်ယောက်လို တွေးခေါ်နိုင် ဆင်ခြင်သုံးသပ်နိုင်တဲ့ အဆင့်ဖြစ်ပါတယ်။
ဒီ AI ဟာ လူတစ်ယောက်လို ဦးနှောက်ကဲ့သို့ ဉာဏ်အားသုံးရတဲ့ ဘယ်အလုပ်မဆို နားလည်နိုင်စွမ်း၊ ကိုယ်တိုင် စိတ်ကူးတွေးခေါ်နိုင်စွမ်း၊ အတွေ့အကြုံတွေကနေ အချက်အလက်ထည့်သွင်းစရာမလိုပဲ သင်ယူနိုင်စွမ်းနဲ့ သင်ယူပြီးသား အချက်အလက်တွေကို အသုံးပြုပြီး ပြဿနာအသစ် အခက်အခဲအသစ်တွေကို ဖြေရှင်းနိုင်စွမ်းအထိ လုပ်ဆောင်နိုင်လာမယ်လို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမယ့် ယခုလက်ရှိ အသုံးပြုနိုင်နေတဲ့ AI အမျိုးအစားများထဲမှာတော့ ဒီလို အတိုင်းအတာထိ ရရှိနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။
ကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ စနစ်တစ်ခု တည်ဆောက်ဖို့ဆိုတာ ယခုအခြေအနေနဲ့ အရမ်းကို အလှမ်းဝေးလွန်းသေးပေမယ့် ဒီလို အနေအထားထိ ရောက်လာဖို့ဆိုတာ AI လောကမှာ အကြီးမားဆုံးနဲ့ နောက်ဆုံးရည်မှန်းချက်တစ်ခုပါ။
3. Super AI
Artificial Super Intelligence (ASI) လို့လည်း ခေါ်ပြီး ဒီအမျိုးအစားဟာ လူသားမျိုးနွယ်တစ်ခုလုံးကို ကိုင်လှုပ်နိုင်ရုံမက ဖျက်ပါ ဖျက်စီးနိုင်တဲ့ အမျိုးအစားပါ။ ဒါဟာ ကျွန်တော်တို့ ကြည့်ဖူးတဲ့ ရုပ်ရှင်တွေထဲကလို သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ပြေးမြင်ကြလောက်မှာပါ။ တကယ်လည်း အဲ့အတိုင်းကို ဆိုလိုတာပါ။ ဒီ Super AI ဟာ လူသားတွေရဲ့ အသိဉာဏ် ပုံစံတိုင်းကို ကျော်လွန်ပြီး ပြဿနာတိုင်း အခက်အခဲတိုင်း လုပ်ငန်းဆောင်တာတိုင်းကို လူသားတွေထက် အများကြီး ကျော်လွန်ပြီး လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခုပါ။
အမြဲတမ်း သင်ယူပြီး ကိုယ့်ကိုယ်ကို အချိန်တိုင်း တိုးတက်ပြောင်းလဲနိုင်တဲ့ အသိဉာဏ်စနစ်ဆိုတာဟာလည်း ယခုအချိန်မှာတော့ စိတ်ကူးသက်သက်အနေနဲ့သာ ရှိပါသေးတယ်။ ဒီလို AI မျိုးကို စလေ့ကျင့်ပေးတည်းက ထိထိရောက်ရောက်နဲ့ ကျင့်ဝတ်တွေနဲ့ သေသေချာချာလေ့ကျင့်ပေးမယ်ဆိုရင်တော့ နည်းပညာပိုင်း၊ ဆေးပညာပိုင်းနဲ့ အခြားနေရာတွေမှာ ထူးထူးကဲကဲ အောင်မြင်ဖြစ်ထွန်းနိုင်တယ်လို့ ယူဆရပါတယ်။