Google ဟာ ယခုနှစ် Google I/O event မှာ ထုတ်ဖော်ပြသသွားတဲ့ AI ပါဝင်တဲ့ Google Search အသစ်ဖြစ်တဲ့ Search Labs ကို အသုံးပြုသူတစ်ချို့ စမ်းကြည့်ဖို့ ဖွင့်ပေးလိုက်ပါတယ်။ ဒါကြောင့် တစ်ချို့သော Google Search အသုံးပြုသူတစ်ချို့ဟာ အရင်ကနဲ့မတူပဲ AI ပါဝင်လာတဲ့ Search Labs ကို တွေ့ရှိလာတော့မှာ ဖြစ်ပါတယ်။ ယခုလို စမ်းသပ်အသုံးပြုခွင့်တစ်ချို့ ပေးလိုက်ပေမယ့်လည်း Search Labs ဟာ waitlist မှာပဲ ရှိနေတုန်းဖြစ်ပြီး ဘယ်လောက်မြန်မြန် အသုံးပြုသူတွေဆီ ပေးမယ်ဆိုတာ မသေချာပေမယ့် Search Labs ကို ကြေညာပြီး ၂ ပတ်အကြာမှာ ယခုလို အသုံးပြုခွင့်ပေးလာတာပါ။
Google Search Labs ရဲ့ စိတ်ဝင်စရာကောင်းတဲ့ feature တစ်ခုရှိပြီး မိမိရှာလိုက်တဲ့အရာကို ရှာလိုက်တဲ့ results links တွေရဲ့အပေါ်မှာ AI ကနေ အကျဉ်းချုပ်ဖော်ပြပေးတာပါပဲ။ ကိုယ်အကြောင်းအရာတစ်ခုကို ရှာလိုက်ရင် ပုံမှန် search မှာလို Wikipedia စာမျက်နှာတွေ၊ Google ပြနေကျ အပြာရောင် links 10 ခုတွေ၊ စတာတွေကို တန်းမပြပဲ သူတို့ရဲ့အပေါ်မှာ AI နဲ့ ထိုအကြောင်းအရာရဲ့ အချက်အလက်တစ်ချို့ပါဝင်တဲ့ စာပိုဒ်တစ်ချို့ ထုတ်ပေးမှာဖြစ်ပြီး ထိုအချက်အလက်တွေကို AI က ယူထားတဲ့ နေရာတွေရဲ့ links တွေလည်း တစ်ခါတည်း ပါဝင်မှာပါ။
SGE ခေါ် Search Generative Experience ဟာ Google Search ရဲ့ အကြီးများဆုံးပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရပြီး အစောပိုင်းအသုံးပြုသူတွေ ဘာတွေကြုံတွေ့လာရမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ယခုအပြောင်းအလဲဟာ အသုံးပြုသူတွေက အကြောင်းအရောတွေကို ဘယ်လိုရှာလဲ၊ ဘာတွေရှာလဲဆိုတာအပေါ်မှာပါ အကျိုးသက်ရောက်မှု ရှိလာမှာပါ။ ဒါ့အပြင် လူတိုင်းဟာ အရင်လို အပြာရောင် links တွေထဲ ပါဝင်အောင်မဟုတ်ပဲ AI မှ အကျဉ်းချုပ်ဖော်ပြတဲ့အထဲ ပါဝင်အောင် ကြိုးစားလာကြမှာဖြစ်တဲ့အတွက် SEO လုပ်ငန်းတွေဟာလည်း အများကြီး ပြောင်းလဲကုန်မှာပါ။
အသုံးပြုသူတွေဟာ ကိုယ်သိချင်တဲ့အရာကို AI မှ ထုတ်ပေးလာတဲ့ အကျင်းချုပ်ဖတ်ရုံနဲ့ သိနိုင်သွားပြီဆိုရင် links တွေကိုလည်း နှိပ်ကြည့်တာမျိုးရှားပါးလာမှာဖြစ်တာကြောင့် Website တွေရဲ့ စီးပွားရေးအရ အလုပ်လုပ်ပုံတွေဟာလည်း အကြီးအကျယ်ပြောင်းလဲသွားမှာပါ။ Google ဘက်က သူတို့ ယခုလို AI ထုတ်လိုက်ခြင်းအပေါ် တာဝန်ယူ တာဝန်ခံမှုရှိပါတယ်ဆိုပြီး အာမခံထားပေမယ့်လည်း တကယ်တမ်း အသုံးပြုသူတွေ လက်ထဲရောက်လာခဲ့ရင် ဘယ်လိုအခြေအနေမျိုးဖြစ်သွားနိုင်တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။
Google Search Labs မှာ SGE အပြင် နောက်ထပ် features ၂ ခုလည်း ရှိပါသေးတယ်။ ပထမတစ်ခုက Sheets ဖြစ်ပြီး ကိုယ်ရှာလိုက်တဲ့ အကြောင်းအရာပါတဲ့ result links တွေရဲ့ ဘေးမှာ ကိုယ်ထည့်ချင်တဲ့ Google Sheet ထဲကို ရွေးချယ်ထည့်နိုင်တဲ့ ခလုတ်လေးတစ်ခု ပါဝင်လာတာပါ။ နောက်တစ်ခုကတော့ Code Tips လို့ခေါ်ပြီး Large Language Model အခြေခံထားတဲ့ AI စနစ်တစ်ခုဖြစ်ပြီး Code တွေကို ကူပြီးရေးဖို့၊ ပြင်ဖို့အတွက် သီးသန့်ထုတ်ပေးထားတာပါ။ Spreadsheet button လေးတွေ ထည့်ပေးတာဟာ သိပ်ပြီး အံ့အားသင့်စရာမဟုတ်ပေမယ့် Search Labs ထဲမှာ ပါဝင်နေတာဟာ အကြောင်းမရှိပဲ မစမ်းသပ်ကြည့်ပဲ Google လို ကုမ္ပဏီကြီးက ထည့်ပေးထားမှာ မဟုတ်ပါဘူး။
Google ဟာ ယခုနောက်ပိုင်း စမ်းသပ်မှုတွေ အများကြီးလုပ်ဆောင်နေပြီး Google Gmail နဲ့ Docs မှာပါဝင်လာမဲ့ AI features တွေကို Google ရဲ့ Workspace labs မှာ Sign up လုပ်ပြီး ဝင်ရောက်စမ်းသပ်နိုင်ပါတယ်။ ထိုအထဲမှာ Tailwind AI အသုံးပြုထားတဲ့ notebook အသစ်၊ Google ရဲ့ကိုယ်ပိုင် text-to-music generator စတာတွေကို စမ်းသပ်အသုံးပြုလို့ရနိုင်ပါတယ်။ Search Labs အတွက်တော့ waitlist ထဲမှာမပါဝင်သေးဘူးဆိုရင် Search Labs စာမျက်နှာမှာ sign up သွားရောက် လုပ်နိုင်ပါတယ်။ sign up လုပ်ထားပြီးသားဆိုရင်တော့ ဘယ်အချိန်မှာ Search Labs ကို စမ်းသပ်အသုံးပြုလို့ ရနိုင်မလဲဆိုတာ email ပို့ပေးမှာပါ။