“AI နဲ့ ဖန်တီးထားတာ ဟုတ်မဟုတ် ဘယ်လို ဆန်းစစ်နိုင်မလဲ”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

AI မှ ဖန်တီးထားတဲ့ ပုံတွေက တကယ့်အစစ်တွေနီးပါးအထိ တဖြည်းဖြည်း ပိုမိုကောင်းမွန်လာ‌နေပါတယ်။ ဒါပေမယ့် AI ပုံတွေ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးလို့ရသေးတဲ့ လက္ခဏာအချို့ ရှိနေပါသေးတယ်။ လက္ခဏာတွေကတော့ –

ခြေလက်များ။ 

လူအများစုက လက်ချောင်း ၅ ချောင်းပါတဲ့ လက်တစ်စုံနဲ့ ခြေ‌ထောက်တစ်စုံစီ ရှိကြပါတယ်။ AI ကနေ ပုံတွေထုတ်တဲ့အခါ ဒီနေရာတွေမှာ သတိမမူမိတတ်တဲ့ အားနည်း ချက်လေးတွေ ရှိပါတယ်။ အဖွဲ့လိုက် ပုံတွေမှာဆိုရင် ခြေထောက်တစ်ချောင်း ပိုနေတာမျိုး၊ လက်ကလည်း သူ့ ပုံစံမကျဘဲ ထူးဆန်းနေတာမျိုး အားနည်းချက်တွေ ရှိနေတုန်းပါပဲ။

စာသားများ။

ပုံတွေ ဖန်တီးတဲ့ AI တွေက စာသားဖန်တီးတဲ့ AI တွေရဲ့ လုပ်ငန်းဆောင်တာနဲ့တော့ မတူသလို ဖတ်လို့ရတဲ့ စာသားတွေ ပါဝင်တဲ့ ပုံတွေကို ဖန်တီးဖို့က လွယ်တော့ မလွယ်လှပါဘူး။ စာသားပါဝင်တဲ့ ပုံတွေမှာ စာလုံးပေါင်းအမှားတွေ ရှိနေတာ၊ တချို့စာသားတွေ ဝါးနေတာမျိုးနဲ့ အပြင်မှာ တကယ်မရှိတဲ့ စကားလုံးအဆန်းတွေ ပါနေရင် AI သုံးပြီး ဖန်တီးထားတယ်လို့ ယူဆလို့ရပါတယ်။

ဆံပင်။

လူ့ဆံပင်က ဦးခေါင်းကနေ အောက်ကို စီးဆင်းနေတဲ့ ဆံနွယ်ချောင်းလေးတွေပဲ ဖြစ်ပါတယ်။ AI ရဲ့ ဆံချည်မျှင်တွေမှာ တစ်ခါတလေ ဆံနွယ်ရဲ့ အစနဲ့ အဆုံးက ပုံစံမမှန်တာ နေရာမကျတာမျိုး ရှိတတ်ပါတယ်။ တစ်ခု သတိထားရမှာက image compression လုပ်တဲ့အခါမှာလည်း ဒီလို ပုံစံမကျတာမျိုး ဖြစ်တတ်ပါတယ်။

အချိုးကျခြင်း။

တကယ့်လက်တွေ့ကမ္ဘာမှာက တချို့အရာဝတ္ထုတွေက အတွဲလိုက် ဒါမှမဟုတ် အုပ်စုလိုက်အနေနဲ့ ရှိတတ်ကြပါတယ်။ ဥပမာအနေနဲ့ နားကပ်တွေ ဒါမှမဟုတ် မီးဖိုချောင်သုံးပစ္စည်းတွေက သူ့အမျိုးအစားပေါ် မူတည်ပြီး အချိုး ကျကျ ရှိကြပါတယ်။ အချို့သော AI ပုံတွေမှာ အတွဲလိုက်ရှိတဲ့ ပစ္စည်းတွေက ညာဖက်မှာက တစ်မျိုး ဘယ်ဘက်မှာက တစ်မျိုးနဲ့ ကြည့်ရဆိုးစေပါတယ်။

အသွေးအရောင်။

ထပ်ခါထပ်ခါပြတဲ့ pattern တွေ၊ fabrics များနဲ့ textures အမျိုးမျိုးက AI ပုံမှာ သရုပ်ဖော်ဖို့ရာ အလွန်ခက်ခဲပါတယ်။ အပြင်လက်တွေ့မှာဆိုရင် အဆောက်အအုံတစ်ခုလုံးမှာရှိတဲ့ အုတ်တွေက အရွယ်အစားရော ပုံသဏ္ဍာန်ရော တူညီကြပါတယ်။ နံရံမှာ အလှဆင်တဲ့ ပန်းရဲ့ စုတ်ချက်တွေကလည်း တူညီကြပါတယ်။ ဒီလိုအရာတွေမှာဆိုရင် ကြီးကြီးမားမားပြောင်းလဲနေတာမျိုးက အကြောင်းတစ်ခုခုကြောင့် လုပ်ထားတယ်လို့ ယူဆနိုင်ပြီး သေးငယ်တဲ့ အပြောင်းအလဲတစ်ချို့ ဖြစ်ပေါ်နေရင်တော့ AI နဲ့ ဖန်တီးထားတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဂျီသြမေတြီ။

ပုံတစ်ခုမှာ ရှိတဲ့ အရာဝတ္ထုတွေရဲ့ နေရာအထားအသိုကို ကြည့်ပြီးတော့လည်း ဆုံးဖြတ်လို့ ရပါတယ်။ ထောင့်မတ်ကျရမယ့် နေရာတွေက ထောင့်မှန်ဖြစ်နေရဲ့လား။ နံရံထဲက စာအုပ်စင်က နံရံမှာရော အံဝင်ခွင်ကျရှိနေရဲ့လား။ စားပွဲနောက်က ဆိုဖာကရော ပုံစံကျရဲ့လား။ နေရာအထားအသို ပုံမမှန်ရင်က အဲ့ပုံက 3D space ကို နားမလည်တဲ့ AI tool တစ်ခုက ဖန်တီးထားတဲ့ပုံ ဖြစ်နိုင်ပါတယ်။

ရှေ့နောက်ညီညွတ်ခြင်း။

မတူညီတဲ့ရှုထောင့်ပေါင်းစုံကနေ တစ်နေရာတည်းက ပုံတွေကို ဖန်တီးဖို့ဆိုတာ လက်တွေ့မှာ လွယ်ပေမယ့် AI နဲ့ ဖန်တီးဖို့ရာမှာတော့ မလွယ်လှပါဘူး။ ဥပမာအနေနဲ့ ပြောရရင် အခန်းတစ်ခန်းရဲ့ သွင်ပြင်ကို ဖော်ပြတဲ့ ပုံတွေကို AI သုံးပြီး ဖန်တီးမယ်ဆိုရင်က ပထမပုံမှာ စားပွဲပေါ် ပန်းအိုးတစ်လုံးရှိခဲ့ပြီး ဒုတိယပုံမှာကျ အဲ့ပန်းအိုး ပျောက်သွားတာမျိုး ဖြစ်နိုင်တာပါ။ ပုံတစ်ခုနဲ့ တစ်ခု ပစ္စည်းတွေရဲ့ တည်ရှိမှု မှန်မမှန်ကို သုံးသပ်ပြီးတော့လည်း စစ်ဆေးနိုင်ပါတယ်။

AI နဲ့ ဖန်တီးထားတယ်ဆိုပြီးပဲ မတွေးပါနဲ့။

ပုံတစ်ပုံကို ကိုယ်က AI နဲ့ ဖန်တီးထားတယ်လို့ ထင်နေပေမယ့် AI က ဖန်တီးထားတာ မဟုတ်ပဲ Photoshop သုံးပြီး ဟိုးအရင်က နည်းအတိုင်း ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ AI face swap ရဲ့ ရလဒ်မျိုး‌တွေလည်း ရှိနိုင်ပါတယ်။ ဒီလိုပြင်တာကို cheapfake လို့လည်း ခေါ်ပါတယ်။ AI က ပုံတစ်ခုလုံးကို ဖန်တီးထားတာ မဟုတ်ပေမယ့် AI မသုံးထားဘူးဆိုပြီးလည်း ငြင်းလို့မရတဲ့ ကိစ္စရပ်တွေ ရှိ‌ပါတယ်။

Reference: How to tell if an image is AI-generated by TheGuardian

AMC HACKS

Related