OpenAI က ၎င်းရဲ့ AI အသုံးချ search engine ကို တနင်္လာနေ့မှာ မိတ်ဆက်ဖို့ရာ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်နှစ်ခုအရ သိရပြီး ဒီသတင်းသာမှန်ခဲ့ရင် လက်ရှိ search engine တွေထဲမှာ ဘုရင်တစ်ပါးဖြစ်နေတဲ့ Google နဲ့ ယှဉ်ပြိုင်နိုင်မယ့် အနေအထား ပိုတိုးလာမှာပါ။
ဒီ product အသစ်ကို မိတ်ဆက်မယ့်ရက်က ပြောင်းလဲနိုင်တဲ့အပြင် အတိအလင်း ကြေငြာထားတာလည်း မရှိသေးပါဘူး။ Bloomberg နဲ့ the Information တို့က Microsoft ကို ကျောထောက်နောက်ခံပြုထားတဲ့ OpenAI ဟာ Google တင်မက AI စွမ်းအင်သုံး search engine startup တစ်ခုဖြစ်တဲ့ Perplexity ကိုပါ ယှဉ်ပြိုင်နိုင်ဖို့ရာ search engine ထုတ်ကုန်တစ်ခုကို ဖန်တီးနေကြောင်း ဆိုပါတယ်။
OpenAI ကနေတော့ ဒီထုတ်ကုန်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ရာငြင်းဆိုထားပါတယ်။ Google ရဲ့ AI ပိုင်းဆိုင်ရာ ထုတ်ကုန်အချို့ကို မိတ်ဆက်နိုင်ခြေရှိတဲ့ နှစ်ပတ်လည် I/O ကွန့်ဖရင့် ကျင်းပမယ့် အင်္ဂါနေ့မတိုင်ခင် တစ်ရက်အလိုမှာ OpenAI ဘက်ကနေ ဒီထုတ်ကုန်အသစ်ကို ကြေညာနိုင်ခြေရှိပါတယ်။
OpenAI ရဲ့ search engine ဟာ ChatGPT ရဲ့ တိုးချဲ့မှုတစ်ခုဖြစ်ပြီးတော့ ChatGPT ကိုလည်း Web ကနေ တိုက်ရိုက်အချက်အလက်တွေ ဆွဲထုတ်နိုင်ဖို့နဲ့ ကိုးကားချက်တွေ ပါဝင်နိုင်ဖို့ရာ အထောက်အပံ့ဖြစ်စေမယ်လို့ Bloomberg က ဆိုပါတယ်။ ChatGPT ဆိုတာ users တွေ ပေးပို့လာတဲ့ စာသား prompts တွေပေါ် မူတည်ပြီး လူသားဆန်တဲ့ တုံ့ပြန်မှုတွေကို ဖန်တီးပေးဖို့ရာအတွက် နောက်ဆုံးပေါ် AI models တွေကို အသုံးပြုထားတဲ့ chatbot တစ်ခုဆိုတာ ကျွန်တော်တို့ နည်းပညာရပ်ဝန်းမှာရှိတဲ့ လူတိုင်း အသိပါပဲ။
ChatGPT ကို online က အချက်အလက်တွေ စုဆောင်းပေးနိုင်တဲ့ ရွေးချယ်စရာ tool တစ်ခုအဖြစ် သတ်မှတ်ထားကြပေမယ့်လည်း Web ကနေ မှန်ကန်တိကျတဲ့ နောက်ဆုံးပေါ် သတင်းအချက်အလက်တွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက်တော့ ကြိုးစားနေရဆဲ tool တစ်ခုပဲ ဖြစ်ပါတယ်။ OpenAI က မကြာသေးခင်က paid subscribers တွေ အသုံးပြုနိုင်ဖို့အတွက် Microsoft ရဲ့ Bing မှာလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ Google ဟာ သူရဲ့ search engine အတွက် generative AI features တွေကို ကြေညာခဲ့ပါတယ်။
ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိပြီး startup တစ်ခုဖြစ်တဲ့ Perplexity ကို OpenAI သုတေသီဟောင်းတစ်ဦးက တည်ထောင်ထားတာဖြစ်ပါတယ်။ users တွေရဲ့ ရှာဖွေချက်အရ ရလဒ်တွေကို ပုံတွေ၊ ကိုးကားချက်တွေနဲ့ စာသားတွေကို ပြသပေးတဲ့ AI search interface ကြောင့် အသုံးပြုသူအများအပြားကို ဆွဲဆောင်နိုင်လျက် ရှိပါတယ်။ Perplexity ကို လစဉ်အသုံးပြုသူပေါင်း 10 သန်းထိရှိကြောင်း ဇန်န၀ါရီလ ဘလော့ဂ်ပို့စ်တစ်ခုအရ သိရပါတယ်။
OpenAI ရဲ့ ChatGPT ဟာလည်း 2022 ခုနှစ်နှောင်းပိုင်းတုန်းကမှ စတင်မိတ်ဆက်ခဲ့ပေမယ့် လစဉ်အသုံးပြုသူပေါင်း သန်း 100 ရရှိတဲ့ ကမ္ဘာ့အလျင်မြန်ဆုံး application တစ်ခုပဲ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း ChatGPT ကို ကမ္ဘာတစ်ဝှမ်း အသုံးပြုသူများပြားတာကြောင့် ရံဖန်ရံခါ အသုံးပြုသူတွေကို အခက်တွေ့စေတဲ့ traffic issue ကိုလည်း ကြုံတွေ့နေရတုန်းပါပဲ။
အဲ့ဒါအပြင် ChatGPT plugins လို့ ခေါ်တဲ့ ChatGPT မှာ နောက်ဆုံးပေါ် တိကျသေချာတဲ့ အချက်အလက်တွေကို ထောက်ပံ့ပေးနိုင်ဖို့ရာ အစောပိုင်းကြိုးပမ်းမှုက ဧပြီလတုန်းက ရပ်ဆိုင်းသွားခဲ့ရတဲ့ ကိစ္စလည်း ရှိတာမို့ ဒီနည်းပညာကုမ္ပဏီကြီးတွေ ယှဉ်ပြိုင်မှုက ဘယ်လမ်းကြောင်းတွေဆီ ဦးတည်သွားမယ်ဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
Reference: OpenAI plans to announce Google search competitor on Monday, sources say by Reuters
AMC HACKS