“အဆိုတော်တွေရဲ့ အသံတုကို AI နဲ့ ဖန်တီးခြင်းဟာ တကယ်ရော အသုံးဝင်လား”

Premium Content Library

သင်တန်းပေါင်း ၂၀၊ သင်ခန်းစာပေါင်း ၃၀၀ ကျော် ပါဝင်ပြီး နောက်ထပ် ထပ်ဖြည့်မည့် သင်ခန်းစာများပါ ဆက်လက်လေ့လာနိုင်မည်

2013 ခုနှစ်တုန်းက country song အဆိုတော် Randy Travis ကလေဖြတ်သွားတာကြောင့် စကားလည်း ကောင်းကောင်းမပြောနိုင်တော့သလို သီချင်းလည်း မဆိုနိုင်တော့ပါဘူး။ လေဖြတ်ပြီးချိန်ကစလို့ သီချင်းမထုတ်နိုင်တော့ဘဲ မကြာသေးခင်ကမှ ပထမဆုံးအနေနဲ့ သူရဲ့ သီချင်းတစ်ပုဒ်ထွက်ရှိလာပါတယ်။ ဒီသီချင်းကို သူကိုယ်တိုင် သီဆိုတာတော့ မဟုတ်ပါဘူး။ AI software နဲ့ အစားထိုးအဆိုတော်ရဲ့ အကူအညီကို ရယူပြီး ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

ထုတ်လုပ်သူတွေက သူရဲ့ အသံပိုင်းဆိုင်ရာ မှတ်တမ်း 42 ခုကို အမည်မဖော်လိုတဲ့ AI model မှာ စတင်လေ့ကျင့်သင်ကြားရင်း ဒီသီချင်းကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Travis နဲ့ သူရဲ့ သက်တမ်းတစ်လျှောက် ထုတ်လုပ်သူ ဖြစ်တဲ့ Kyle Lehning တို့ရဲ့ ကြီးကြပ်မှုအောက်မှာ country song အဆိုတော် James DuPre က AI ကနေ Travis အသံတုနဲ့ သီချင်းအဖြစ် ပြောင်းလဲပေးခဲ့တာလို့ သိရပါတယ်။

ဒီသီချင်းကို YouTube က လွဲလို့ တခြား streaming platforms တွေ ဖြစ်ကြတဲ့ Apple Music နဲ့ Spotify မှာ နားဆင်လို့ ရနေပါပြီ။

‌အရင်ခေတ်သီချင်းတော်တော်များများကို မတူညီတဲ့ tune တွေနဲ့ ပြန်လည်ဖန်တီးတဲ့ There I Ruined It ဆိုရှယ်မီဒီယာ account ရဲ့ ပိုင်ရှင် Dustin Ballard ကလည်း Travis ရဲ့ AI team နဲ့ အလားတူပဲ AI ကို သုံးပြီး အသံ‌တုတွေ ဖန်တီးပါတယ်။ ဥပမာအနေနဲ့ AI Elvis Presley ရဲ့ ‘Baby Got Back’ နဲ့ Johnny Cash ရဲ့ ‘Barbie Girl’ တို့ရဲ့ သီချင်းတွေကို အရင်ပုံစံနဲ့မတူ တမျိုးကွဲထွက်အောင် AI အသံတုကို အသုံးချပြီး ဖန်တီးထားပါတယ်။

‘Travis ရဲ့ AI သီချင်း ဒါမှမဟုတ် Ballard ရဲ့ဖန်တီးမှုတွေကြောင့် လူတွေဖန်တီးမယ့် သီချင်းတွေက ပျောက်ကွယ်သွားတော့မှာလား ဆိုပြီး အလွယ်တွေးရင်လည်း တွေးနိုင်ပါတယ်။ ဒါပေမဲ့ AI နဲ့ အသံ clone တာက နည်းမှန် လမ်းမှန်အသုံးချတတ်တဲ့သူရဲ့ လက်ထဲမှာတော့ ကောင်းကျိုးတွေ ရရှိစေနိုင်ပါတယ်။ ဒီ AI ဖန်တီးထားတဲ့ သီချင်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒီလိုဖန်တီးမှုမျိုးက အလွယ်တကူရရှိခဲ့တာတော့ မဟုတ်ပါဘူး။

Warner Music Nashville ရဲ့ တွဲဖက်ဥက္ကဌဖြစ်သူ Cris Lacy က ဒီ AI အသံတုထုတ်ပေးတဲ့ sites တွေက အသံတုတွေဖြစ်တာကြောင့် တကယ့်အသံစစ်တွေလိုမျိုး ခံစားမှု မပေးနိုင်ပေမယ့် Travis လို အနုပညာရှင်တွေရဲ့ အနီးစပ်ဆုံးအသံကိုတော့ ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။ Travis ရဲ့ အသံတုကို ဖန်တီးမှုအပေါ်မှာ ထုတ်လုပ်ရေးက AI ကို ကောင်းမွန်မှန်ကန်စွာအသုံးချထားတယ် လို့လည်း မှတ်ချက်ပေးထားပါတယ်။

ယခုအချိန်ထိတော့ Warner အနေနဲ့ အနုပညာရှင်တွေရဲ့ ခွင့်ပြုချက်မပါဘဲ AI နဲ့ အသံတုဖန်တီးပြီး ကိုယ်ကျိုးစီးပွားအတွက် ထုတ်လုပ်ထားတဲ့ သီချင်းတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် ဇူလိုင်လ 1 ရက်နေ့ကစလို့ အနုပညာရှင်တွေရဲ့အသံကို ခွင့်ပြုချက်မရဘဲ software အသုံးပြုပြီး အသံတုဖန်တီးတဲ့သူတွေကို တရားဥပဒေအရ အရေးယူနိုင်တော့မယ့် ELVIS အက်ဥပဒေက စတင်အသက်ဝင်တော့မယ်လို့ သိရပါတယ်။

Travis ရဲ့သီချင်းက AI အသုံးချပြီး ဂီတကို ဖန်တီးတဲ့‌နေရာမှာ အမှန်တကယ် တရားဝင်တယ်လို့ ခံစားရစေတဲ့ AI ရဲ့ ကောင်းမွန်တဲ့ ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ ကွန်လွန်သွားကြပြီဖြစ်တဲ့ နာမည်ကြီးအဆိုတော်တွေရဲ့ ဂီတမူပိုင်ခွင့်အများအပြားကို ပိုင်ဆိုင်ထားတဲ့ Warner အနေနဲ့ကလည်း AI နဲ့ ဒီသီချင်းတွေကို ပြန်လည်အသက်သွင်းပြီး အကျိုးအမြတ်များစွာ ရနိုင်တယ်ဆိုတဲ့ လမ်းကြောင်းကို ပွင့်သွားစေပါတယ်။

Warner Music Nashville နဲ့ ဂီတနယ်ပယ်တစ်ခုလုံးကို ဒီသီချင်းကနေ အစပြုလို့ ဘယ်လိုတွေ ရိုက်ခတ်သွားမလဲဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Reference: Randy Travis gets his voice back in a new Warner AI music experiment by TheVerge

AMC HACKS

Related