တေလာဆွစ်ဖ်ရဲ့ အတုအယောင်ပုံများ အွန်လိုင်းပေါ်မှာ အကြိမ်ပေါင်း သန်းနှင့်ချီပျံ့နှံ့ခဲ့ပြီးနောက် Deepfake ဓာတ်ပုံများ ဖန်တီးမှုကို ရာဇ၀တ်မှုကျူးလွန်ခြင်းအဖြစ် သတ်မှတ်ရန် အမေရိကန် နိုင်ငံရေးသမားများက ဥပဒေသစ်တစ်ရပ်အဖြစ် တောင်းဆိုခဲ့ပါတယ်။
ဓာတ်ပုံများကို X နဲ့ Telegram အပါအဝင် လူမှုကွန်ရက်စာမျက်နှာများမှာ တင်ခဲ့ကြတာ ဖြစ်ပြီး အမေရိကန် ကိုယ်စားလှယ် Joe Morelle က အဆိုပါ ဓါတ်ပုံများ ပျံ့နှံ့မှုဟာ ကြောက်စရာကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
X က ကြေငြာချက်တစ်ခုမှာ ၎င်းတို့ဟာ ပုံများကို လူအင်အားသုံးကာ မြင်မြင်သမျှ ဖယ်ရှားနေကြပြီး အဆိုပါပုံများကို ဖြန့်ဖြူးထားတဲ့ အကောင့်များကိုလည်း သင့်လျော်သောအရေးယူမှုများ လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
နောက်ထပ် ချိုးဖောက်မှုများဖြစ်ပေါ်လာပါက ချက်ချင်းသိရှိပြီး ထိုအရာများကို ဖယ်ရှားကြောင်း သေချာစေဖို့အတွက်လည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်လို့ ထိုကြေညာချက်မှာ ထပ်မံပြောကြားထားပါသေးတယ်။
ထုတ်ဝေမှုပြုလုပ်ပြီးပြီးချင်း ပုံအများအပြားကို ဖယ်ရှားလိုက်နိုင်တယ်လို့ ထင်ရသော်လည်း Swift ရဲ့ ဓာတ်ပုံတစ်ပုံကို ဖြုတ်ချခြင်းမပြုမီ အကြိမ်ရေ 47 သန်း ကြည့်ရှုမှုခံခဲ့ရပါတယ်။
ယခုဆိုရင် “Taylor Swift” အပါအဝင် “Taylor Swift AI” နဲ့ “Taylor AI” ကဲ့သို့သော ဝေါဟာရများကို X မှာ ရှာဖွေလို့ မရနိုင်တော့ပါဘူး။
Deepfakes ဆိုတာဟာ ဥာဏ်ရည်တု (AI) ကို အသုံးပြုပြီး တစ်စုံတစ်ယောက်ရဲ့ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ကို ပြောင်းလဲတပ်ဆင်ခြင်း ခြယ်လှယ်ခြင်းဖြင့် ဗီဒီယိုများ ပုံများ ဖန်တီးခြင်းဖြစ်ပါတယ်။ 2023 ခုနှစ် လေ့လာမှုတစ်ခုအရ AI ပေါ်ပေါက်လာခြင်းကြောင့် အဆိုပါပုံများဖန်တီးမှုဟာ 2019 မှ စတင်ကာ 550% အထိ မြင့်တက်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။
အဆိုပါပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့ ပြည်နယ်အဆင့်တွေမှာ လှုံ့ဆော်မှုများရှိသော်လည်း လောလောဆယ်မှာတော့ deepfake ပုံများကို မျှဝေခြင်း သို့မဟုတ် ဖန်တီးခြင်းတို့ကို ဆန့်ကျင်တဲ့ ဥပဒေရယ်လို့ မရှိသေးပါဘူး။
ယူကေမှာတော့ 2023 ခုနှစ် အွန်လိုင်းဘေးကင်းရေးအက်ဥပဒေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် deepfake အတုအယောင်ညစ်ညမ်းရုပ်ပုံများကို မျှဝေခြင်းဟာ တရားမဝင်ဖြစ်လာခဲ့ပါတယ်။
ခွင့်ပြုချက်မရှိဘဲ ညစ်ညမ်းရုပ်ပုံများ မျှဝေခြင်းအား တရားမဝင်ဖြစ်စေမည့် Deepfakes of Intimate Images အက်ဥပဒေအား ဖော်ဆောင်နိုင်ရန်အတွက် လွန်ခဲ့တဲ့နှစ်မှာ ဒီမိုကရက်တစ် ကိုယ်စားလှယ် Morelle က အဆိုပါကိစ္စရပ်အတွက် အရေးတကြီး အရေးယူရန် တောင်းဆိုခဲ့ပါသေးတယ်။
အဆိုပါ ရုပ်ပုံများနဲ့ ဗီဒီယိုများဟာ “ပြန်လည်ရုပ်သိမ်း၍ မရနိုင်သော စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများ ဖြစ်စေနိုင်ပြီး ကံမကောင်းစွာပဲ အမျိုးသမီးများထံမှာပဲ အချိုးအစားမမျှလွန်းတဲ့ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေတယ် ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
ညစ်ညမ်းရုပ်ပုံစာပေများဟာ အွန်လိုင်းပေါ်မှာတင်ထားတဲ့ deepfakes အများစုတွင် ပါဝင်ပြီး အမျိုးသမီးများဟာ ထိုကဲ့သို့သောအကြောင်းအရာများမှာ ပစ်မှတ်ထားခံရသူများအဖြစ် 99% ပါဝင်နေတယ်လို့ ယမန်နှစ်ကထုတ်ဝေသော State of Deepfakes အစီရင်ခံစာအရ သိရပါတယ်။
“Taylor Swift ဖြစ်ပျက်ခဲ့တာက အသစ်အဆန်းမဟုတ်ပါဘူး” လို့ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် Yvette D Clarke က X မှာ ရေးသားခဲ့ပြီး အမျိုးသမီးများဟာ နည်းပညာရဲ့ပစ်မှတ်အဖြစ် နှစ်ပေါင်းများစွာ ပစ်မှတ်ထားခံခဲ့ရကြောင်း မှတ်ချက်ပြုခဲ့ကာ “AIမှာ တိုးတက်မှုနှင့်အတူ deepfakes ဖန်တီးခြင်းဟာ ပိုမိုလွယ်ကူပြီး စျေးသက်သာလာတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ရီပတ်ဘလီကန်လွှတ်တော်အမတ် Tom Kean Jr ကလည်း ထိုမှတ်ချက်ကို ထောက်ခံခဲ့ပြီး “AI နည်းပညာဟာ လိုအပ်သော အစောင့်အကြပ်များထက် ပိုမိုမြန်ဆန်စွာ တိုးတက်လာနေတယ်လို့” လို့ ပြောကြားခဲ့ပါသေးတယ်။
“ယခုလိုမျိုး Deepfake နဲ့ ပြုလုပ်အသုံးချခံရသူဟာ Taylor Swift ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ နိုင်ငံတစ်ဝှမ်းက လူငယ်ပဲဖြစ်ဖြစ်၊ ဒီစိုးရိမ်ဖွယ်ရာ trend ကို တိုက်ဖျက်ဖို့အတွက် အကာအကွယ်တွေ ထူထောင်ဖို့ လိုအပ်ပါတယ်” လို့လည်း ၎င်းက ထပ်ဆောင်းပြောကြားခဲ့ပါတယ်။
Swift ကိုယ်တိုင်က အဆိုပါပုံများနဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း သူမရဲ့အဖွဲ့ကတော့ AI မှထုတ်လုပ်ထားသော ထို Taylor Swift Deepfake ပုံများကိုထုတ်ဝေတဲ့ဝပ်ဆိုက်ကို တရားဝင်အရေးယူရန်စဉ်းစားနေတယ်လို့ Daily Mail ကဖော်ပြခဲ့ပါတယ်။
ယခုနှစ် ရွေးကောက်ပွဲမှာ ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော လူများ မဲပေးကြမှာ ဖြစ်တာကြောင့်လည်း AI မှ ဖန်တီးထားသော အကြောင်းအရာများနဲ့ ပတ်သက်၍ စိုးရိမ်မှုများ ပိုမို မြင့်တက်လာနေပါတယ်။
ယခုသီတင်းပတ်အတွင်းမှာတင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံမှ စက်ရုပ်ဖုန်းခေါ်ဆိုမှုအတု ဖြစ်ပွားခဲ့ကာ AI က ဖန်တီးထားတယ်လို့ ယူဆရတဲ့ ထိုအတုပြုလုပ်မှုကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြပါတယ်။
Reference : Taylor Swift deepfakes spark calls in Congress for new legislation by BBC news