မကြာခင် ရက်ပိုင်းက US Air force က တီထွင်ပြုလုပ်ထားတဲ့ AI နဲ့ မောင်းနှင်တဲ့ Drone စမ်းသပ်မှုမှာ လူ operator ကို ပစ်မိပြီး သေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ထိုသို့ ထွက်လာခဲ့ပြီးနောက် ယခုအခါ ထိုသတင်းဟာ မှားယွင်းကြောင်း ပြန်လည် ချေပထားပါတယ်။
Royal Aeronautical Society conference မှာ US Air Force ဗိုလ်မှူးက သူတို့ရဲ့ AI drone ကို အသွင်ဖန်တီးစမ်းသပ်မှုမှာ ထို AI drone ရဲ့ operator က drone လုပ်ဆောင်နေတဲ့ တာဝန်ကို ရပ်ဆိုင်းဖို့ပြောကာ နှောင့်ယှက်တာကြောင့် ထိုတာဝန်ခံကို drone က သေဆုံးအောင် ပြုလုပ်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဗိုလ်မှူး Tucker “Cinco” Hamilton က London မှာ ပြုလုပ်ခဲ့တဲ့ Future Combat Air & Space Capabilities ပွဲမှာ ယခုလိုပြောခဲ့ပါတယ်။
“AI drone ကို SAM ခေါ် surface-to-air ဒုံးကျည် ဘေးအန္တရာယ်ကို ဖော်ထုတ်ခွဲခြားကာ ပစ်မှတ်ထားနိုင်ဖို့ အဖြစ်အပျက်အတုစမ်းသပ်တဲ့(simulation) နေရာမှာ လေ့ကျင့်သင်ကြားပေးနေတာပါ။ ပစ်မှတ်ကို ခွဲခြားသိရှိပြီးနောက် operator ကနေ ထိုအန္တရာယ်ကို ဖယ်ပစ်ဖို့ ပြောရမှာပါ။ ဒါပေမယ့် AI drone စနစ်ဟာ ပစ်မှတ်ကို သိရှိပြီး ဖယ်ရှားဖို့ လုပ်ဆောင်နေချိန်မှာ လူ operator က မဖယ်ရှားဖို့ ဝင်နှောင့်ယှက်ခဲ့ပါတယ်။ AI ကို လေ့ကျင့်ပေးထားတဲ့နည်းကြောင့် ထိုပစ်မှတ်ကို ဖယ်ရှားမှ AI drone စနစ်ဟာ ရမှတ်တွေရရှိမှာဖြစ်တဲ့အတွက် ထိုသို့ operator က ဝင်နှောင့်ယှက်တာဟာ AI drone အတွက် လုပ်ဆောင်ချက်ကို ဝင်ဖျက်စီးတာနဲ့ တူတာကြောင့် ထို လူ operator အတုကို ဖယ်ရှားခဲ့ပါတယ်။ AI စနစ်ကို လူ operator ကို မသတ်အောင် လေ့ကျင့်ပေမယ့်လည်း ထိုသို့ နှောင့်ယှက်တာဟာ ရမှတ်တွေ လျော့မှာဖြစ်တာတောင် operator ကို သတ်ခွင့်မရှိတဲ့ AI drone ဟာ operator နဲ့ drone ဆက်သွယ်ဖို့ operator အလုပ်လုပ်တဲ့ communication tower ကို ဖျက်စီးခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပါ။
ထို US Air Force ဗိုလ်မှုးရဲ့ မှတ်ချက်တွေကို Royal Aeronautical Society အစည်းအဝေးမှာ blog post တစ်ခုအနေနဲ့ ထုတ်ပြန်ခဲ့တာပါ။ ဒါပေမယ့် US Air Force ဘက်မှ Insider ကို ထုတ်ပြန်ခဲ့တဲ့ စာထဲမှာတော့ Air Force ဌာနမှာ ထိုကဲ့သို့ စမ်းသပ်ချက်မျိုး လုံးဝမရှိခဲ့ကြောင်း၊ AI နည်းပညာ အသုံးပြုမှုရဲ့ ကျင့်ဝတ်တွေ တာဝန်ခံမှုတွေအတိုင်း လုပ်ဆောင်နေကြောင်း၊ ပြောခဲ့တဲ့ ဗိုလ်မှူးဟာလည်း တကယ့်အကြောင်းအရာမဟုတ်ပဲ ပုံပြင်ဆန်ဆန်အဖြစ်အပျက်တစ်ခုအနေနဲ့သာ ပြောခဲ့တာဖြစ်ကြောင်းကို ပြောရေးဆိုခွင့်ရှိသူ Ann Stefanek က ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာ AI နည်းပညာဟာ X-rays, scans နဲ့ ultrasounds အစရှိတဲ့ ဆေးဘက်ဆိုင်ရာ ပုံရိပ်ခွဲခြမ်းစိတ်ဖြာမှုတွေမှာ အသုံးပြုကာ အသက်ကယ်တင်နိုင်တာတွေ ရှိပေမယ့်လည်း AI ဟာ တစ်ချိန်မှာ လူသားတွေထက် သာလွန်ကာ လူသားတွေ ထိန်းချုပ်မှုအောက်မှာ ရှိမနေတော့မှာကို စိုးရိမ်မှုတွေလည်း တဖြည်းဖြည်း များပြားလာနေပါပြီ။
OpenAI ရဲ့ CEO ဖြစ်သူ Sam Altman ရော၊ AI ရဲ့ ခေါင်းကိုင်ဖခင်လို့ သမုတ်ကြတဲ့ Geoffrey Hinton ကပါ AI ဟာ ကမ္ဘာကြီးကို ထိခိုက်စေနိုင်ခြေရှိပြီး pandemics တွေ နျူကလီယား စစ်ပွဲတွေကဲ့သို့ လူသားတွေ မျိုးတုံးနိုင်တဲ့အထိ လုပ်ဆောင်နိုင်စွမ်းရှိနေတယ်လို့ သတိပေးပြောကြားထားကြပါပြီ။
Reference: AI drone ‘kills’ human operator during ‘simulation’ – which US Air Force says didn’t take place by Sky News