“AI က ကျွန်တော်တို့ရဲ့အလုပ်တွေအားလုံးကို အစားထိုးသွားပါလိမ့်မယ်။ ဒါက လုံးဝကြီး မကောင်းတဲ့အရာတော့လည်း မဟုတ်ပါဘူး” လို့ Elon Musk က ဆိုပါတယ်။ လူသားတွေ အလုပ်လုပ်စရာ မလိုတော့တာတောင်မှ ဖြစ်နိုင်တယ်လို့ Musk က ကြာသပတေးနေ့တုန်းက နည်းပညာကွန့်ဖရင့်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ပါရီမှာရှိတဲ့ VivaTech 2024 ပွဲမှာ web ကင်မရာမှတဆင့် remote ဟောပြောနေစဉ်မှာ Musk က အလုပ်အကိုင်ဆိုတာ ရွေးချယ်မှုတစ်ခုအနေနဲ့ ဖြစ်လာမယ့် အနာဂတ်ကို ဖော်ပြခဲ့ပါတယ်။
“ဝါသနာအရ ကိုယ်နှစ်သက်တဲ့အလုပ်တစ်ခုကို လုပ်ချင်တယ်ဆိုရင်တော့လည်း လုပ်လို့ရပါတယ်။ ဒါပေမယ့်မလုပ်ချင်ရင်လည်း AI နဲ့ စက်ရုပ်တွေက ကျွန်တော်တို့လိုချင်တဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးပါလိမ့်မယ်” လို့ Musk က ဆိုပါတယ်။
AI စွမ်းဆောင်ရည်တွေက လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းမှာ အရှိန်အဟုန်နဲ့ မြင့်တက်လာပြီးတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေက ဒီနည်းပညာကို တာဝန်ရှိရှိ ဘယ်လိုအသုံးပြုရမယ်ဆိုတာ ရှာဖွေနေရဆဲ ဖြစ်ပါတယ်။ AI က ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ အမျိုးမျိုးသောစက်မှုလုပ်ငန်းတွေနဲ့ အလုပ်အကိုင်တွေ ဘယ်လိုတိုးတက်ပြောင်းလဲသွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကလည်း ဆက်လက်မြင့်တက်နေပါတယ်။
ဇန်နဝါရီလတုန်းက MIT ရဲ့ Computer Science နဲ့ Artificial Intelligence Lab မှ သုတေသီတွေအဆိုအရ လုပ်ငန်းခွင်တွေမှာ မျှော်လင့်ထားတာထက် AI ကို ပိုမိုနှေးကွေးစွာ လက်ခံကျင့်သုံးနေကြတယ်လို့ ဆိုပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဉာဏ်ရည်ဥာဏ်သွေးမြင့်မားမှုနဲ့ လူသားအချင်းချင်း အပြန်အလှန်အကျိုးပြုမှုတွေ လိုအပ်တဲ့ လုပ်ငန်းတွေမှာတော့ စိတ်ကျန်းမာရေးဆိုင်ရာပညာရှင်တွေ၊ ဖန်တီးရှင်တွေနဲ့ ဆရာဆရာမတွေကို AI နဲ့ အစား ထိုးဖို့ရာ မလိုအပ်ကြောင်း ကျွမ်းကျင်ပညာရှင်တွေ ဆိုကြပါတယ်။
Musk က AI နဲ့ပတ်သက်တဲ့ သူရဲ့ စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ နည်းပညာကို သူရဲ့ အကြီးမားဆုံး အကြောက်တရားဆိုပြီး သုံးနှုန်းခဲ့တာပါ။
အလုပ်အကိုင်ဆိုတာ မရှိတော့တဲ့အနာဂတ်မှာ လူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ကျေနပ်မှု ရရှိနိုင်ပါ့အုံးမလားဆိုတာကိုလည်း Musk က မေးခွန်းထုတ်ခဲ့ပါသေးတယ်။ “ဒီမေးခွန်းက ကွန်ပျူတာနဲ့ စက်ရုပ်တွေက လူသားတွေထက် အရာရာကို ပိုကောင်းအောင်လုပ်နိုင်နေရင် ကျွန်တော်တို့ရဲ့ဘဝက အဓိပ္ပာယ်ရှိအုံးမှာလားကို ဆိုလိုတာပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ နောက်ကွယ်ကနေ AI ကို အသုံးချထားတာကြောင့် ပိုမိုပြီး စွဲလမ်းစေနိုင်လို့ ကလေးတွေကို အသုံးပြုတဲ့အချိန် အကန့်အသတ်ထားပေးဖို့လည်း Musk က မိဘတွေကို တိုက်တွန်းခဲ့ပါသေးတယ်။
Reference: Elon Musk says AI will take all our jobs by CNN
AMC HACKS