ကျွန်တော် ဒီနေ့ ပဉ္စမပိုင်းဖြစ်တဲ့ AI နည်းပညာမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ ကုမ္ပဏီတွေ အကြောင်းကို ပြောပြပေးသွားပါမယ်။
၅။ ဘယ် ကုမ္ပဏီတွေက AI နည်းပညာမှာ ထိပ်ဆုံးက ရပ်တည်နေလဲ
မနှစ်က နှစ်ကုန်ပိုင်းလောက်ကစပြီး AI ဆိုတဲ့စကားလုံးဟာ လူတိုင်းနီးပါး သိသွားတဲ့အထိ တဟုန်ထိုး တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ ChatGPT အသုံးဝင်မှုတွေနဲ့ AI က ထုတ်ပေးတဲ့ ပုံတွေကြောင့် တစ်စထက် တစ်စ လူသိပိုများလာတာပါ။ ခုလို AI နည်းပညာတွေ တိုးတက်အောင်မြင်လာအောင် ကမ္ဘာ့ထိပ်တန်း နာမည်ကြီး ကုမ္ပဏီတွေကနေ ဦးဆောင်ပြီး လုပ်ကိုင်ဆောင်ရွက်နေတာပါ။ တခြား AI လောကကို ထိုးဖောက်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေလည်း အများအပြားရှိလာပါပြီ။
OpenAI
ဒီနှစ်ထဲမှာ OpenAI ဟာ ChatGPT နဲ့ Dall-E 2 လိုမျိုး AI Chatbot တွေကို ကျယ်ကျယ်ပြန့်ပြန့် အခမဲ့ပေးသုံးလိုက်တဲ့အတွက် AI နယ်ပယ်မှာ ထိပ်ဆုံးက ကြီးစိုးဦးဆောင်နေတယ်ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ Dall-E 2 ဆိုတာ စာရိုက်ထည့်လိုက်တဲ့ ဖော်ပြချက်အတိုင်း ပုံတွေထုတ်ပေးနိုင်တဲ့ AI tool တစ်ခုပါ။
Alphabet
Google ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet ဟာ သူ့ရဲ့ ကုမ္ပဏီခွဲ တစ်ချို့ကနေ DeepMind, Waymo နဲ့ အားလုံး သိပြီးဖြစ်တဲ့ Google စတဲ့ AI စနစ်တစ်ချို့ကို ပိုင်ဆိုင်ထားပါတယ်။ DeepMind ဟာ သူ့ရဲ့ artificial general intelligence ကို ပိုမို အောင်မြင်တိုးတက်လာအောင် သူ့ရဲ့ AI စနစ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းနည်းတွေနဲ့ ဆက်လက်လုပ်ဆောင်နေပါတယ်။ Document AI အတွက် ထုတ်ထားတဲ့ machine learning models တွေ၊ YouTube မှာ ကြည့်ရှုသူတွေရဲ့ experience ကို မြင့်တင်ပေးနိုင်တာတွေ၊ တစ်ကမ္ဘာလုံးမှာရှိတဲ့ သုတေသနသမားတွေအတွက် AlphaFold ကို အသုံးပြုခွင့်ပေးးထားတာတွေ စတဲ့ AI tools တွေကို ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။
Alphabet အကြောင်းတွေကို သတင်းတွေမှာ တွေ့လေ့မရှိပေမယ့် Deep learning နဲ့ AI နယ်ပယ်မှာ သူလုပ်ကိုင်ထားတဲ့ အလုပ်တွေ လုပ်ကိုင်နေဆဲအရာဟာ လူသားတွေရဲ့ အနာဂါတ်ကို ပြောင်းလဲသွားနိုင်စေတဲ့အထိ အလားအလာရှိနေပါတယ်။
Microsoft
Microsoft ဟာ Microsoft 365 ရဲ့ applications အသုံးပြုသူတွေအတွက် Microsoft 365 Copilot ကို ထုတ်ပေးထားတဲ့အပြင် developers တွေအတွက်လည်း AI tools တွေ ပါဝင်တဲ့ suite တစ်ခုကို Azure မှာ ထုတ်ပေးထားပါသေးတယ်။ machine learning တွေ data analytics တွေ conversational AI တွေ စတဲ့ AI စနစ်တွေ ထုတ်လုပ်နိုင်ဖို့အတွက် AI tools တွေ ပါဝင်တဲ့ platforms တွေ၊ အမြင်ပိုင်း၊ စကားပြောအပိုင်း၊ ဘာသာစကားအပိုင်းတွေကို လူနဲ့ တန်းတူလိုက်နိုင်ဖို့ထုတ်လုပ်နိုင်တဲ့ ကိုယ်တိုင်စိတ်တိုင်းကျပြုပြင် အသုံးပြုနိုင်တဲ့ API တွေပါဝင်ပါတယ်။
Microsoft ဟာ OpenAI ရဲ့ တီထွင်ထုတ်လုပ်မှုတွေမှာလည်း ကြီးကြီးမားမားရင်းနှီးမြှုပ်နှံထားပြီး Microsoft ထုတ်ကုန်အသစ် Bing Chat မှာဆိုရင် ChatGPT-4 ကို ထည့်သွင်းအသုံးပြုထားတာပါ။ နောက်ထုတ်ကုန် Bing Image Creator မှာလည်း Dall-E ရဲ့ ပိုကောင်းတဲ့ AI စနစ်ဖြစ်တဲ့ Dall-E 2 ကို အသုံးပြုထားပါတယ်။
ဒါတွေဟာ AI နယ်ပယ်မှာ ထိပ်ဆုံးက ဦးဆောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေဖြစ်ပြီး Baidu, Alibaba, Cruise, Lenovo, Tesla နဲ့ တခြား ကမ္ဘာအရပ်ရပ်မှ ကုမ္ပဏီတွေကလည်း AI နယ်ပယ်မှာ ထိုးဖောက်နိုင်ဖို့ ကြိုးစားနေကြပါပြီ။