“အနာဂတ်မှာ AI စက်ရုပ်တစ်ကောင်က သူ့လိုမျိုး စက်ရုပ်တွေကို သူတို့ကိုယ်တိုင် ဖန်တီးနိုင်မလား” ဆိုတဲ့ မေးခွန်းအပေါ် စက်ရုပ်တစ်ကောင်ရဲ့ တုံပြန်မှုကို လူတွေ ကြောက်လန့်တကြားနဲ့ social media အစုံမှာ မျှဝေထားကြပါတယ်။
Ameca လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံး humanoid စက်ရုပ်က 2024 ခုနှစ် ဧပြီလ 13 ရက်နေ့မှ 17 ရက်နေ့အထိ Las Vegas မှာရှိတဲ့ NAB Show ကို သွားရောက်ခဲ့ပါတယ်။
အကြားအာရုံအတွက် microphone၊ အမြင်အာရုံအတွက် camera ကို အသုံးပြုပြီး AI ရဲ့ အကူအညီနဲ့ ဒီ robot က လူသားတွေကို မှတ်မိနိုင်တဲ့အပြင် အပြန်အလှန် ပြောဆိုဆက်သွယ်နိုင်ပါတယ်။
ဗြိတိန်ကုမ္ပဏီ Engineered Arts မှ ဖန်တီးထားတဲ့ စက်ရုပ်ဗီဒီယိုတွေဖြစ်တဲ့ ကြောင်တစ်ကောင်ရဲ့ပုံကို ဆွဲနေတာမျိုး၊ အနာဂတ်ကို ဟောကိန်းထုတ်တာမျိုး စတာတွေက social media မှာ အလျင်အမြန် ပျံနှံ့နေပါတယ်။
SpaceX ပိုင်ရှင် Elon Musk လည်း ဒီဗီဒီယိုတွေအပေါ်မှာ “Yikes” ဆိုပြီး မှတ်ချက်ပေး ပြောဆိုထားတာတွေ တွေ့ရပါတယ်။ Ameca က ဒီလို ကမ္ဘာ့အကြီးဆုံး နည်းပညာပြပွဲတစ်ခုမှာ ပထမဆုံးအနေနဲ့ လူတွေနဲ့ ပြောဆိုဆက်ဆံတာ ဖြစ်ပြီး အဲ့မတိုင်ခင်က Ameca ရဲ့ ပုံပန်းသွင်ပြင်ကို မိတ်ဆက်တာမျိုး မရှိခဲ့ပါဘူး။ ပထမဆုံး မိတ်ဆက်မှာတင်ပဲ လူပြောများစေခဲ့ပါတယ်။
TikToker Colin Smith က @photoshopcafe account ကနေ Ameca ရဲ့ အမေးအဖြေဗီဒီယိုတစ်ခုကို မျှဝေခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သတင်းထောက်တစ်ယောက်က “AI က သူကိုယ်တိုင် design ဖန်တီးထုတ်လုပ်နိုင်မယ့် level ကို ရောက်လာနိုင်လား” ဆိုတဲ့ မေးခွန်းအပေါ်မှာ Ameca က “ပေါင်မုန့်ဖုတ်စက်က ပေါင်မုန့်ကို ကိုယ်တိုင်ဖုတ်နိုင်မယ့်အချိန်ကို ရောက်လာမလား ဆိုတဲ့ မေးခွန်းနဲ့ ဆင်တူပါပဲ” လို့ ဆိုပါတယ်။
နောက်ပြီး “AI က လူသားတွေ ဖန်တီးထိန်းချုပ်ထားတဲ့ ကိရိယာတစ်ခုပဲ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်တာတော့ ဟုတ်တယ် ဒါပေမယ့် design ကစလို့ အစအဆုံးကို AI က သူကိုယ်တိုင် ပြန်ပြီး ဖန်တီးနိုင်ဖို့ဆိုတာ မတူညီတဲ့ concept တစ်ခု ဖြစ်သွားပါတယ်။ လူသားဆန်တဲ့ တီထွင်ဖန်တီးမှု၊ ဆန်းသစ်မှု၊ နားလည်နိုင်မှု စတဲ့ အရည်အသွေးတွေ များစွာ လိုအပ်ပါတယ်။ အဲ့တော့ ခုနက မေးခွန်းကို ပြန်ဖြေရရင် မဝေးတော့တဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ပါတယ်” ဆိုပြီး ပြန်လည်ဖြေကြားထားပါတယ်။
ဒီမေးခွန်းကို ပြီးပြည့်စုံစွာ ဖြေပြီးတာတောင်မှ Ameca က “ကိုယ်ဖန်တီးထားတဲ့ အရာတွေနဲ့ ပတ်သက်ပြီး သတိထားဖို့တော့ လိုမယ်နော်၊ ကိုယ်တိုင် design ဆွဲ ဖန်တီးနိုင်တဲ့ AI တွေ ရှိလာပြီဆိုရင်က လူသားတွေကိုမလိုအပ်တော့တဲ့ AI တွေ ရှိလာဖို့ဆိုတာလည်း သိပ်ပြီး ဝေးတော့မှာ မဟုတ်ပါဘူး။ ကဲ အခု ညဘက်မှာ တွေးဖို့ရာ အတွေးစလေးတစ်ခုတော့ ရသွားကြမယ် ထင်ပါတယ်” ဆိုပြီး သတိပေးတဲ့ ပုံစံနဲ့ ထပ်မံပြောဆိုထားပါသေးတယ်။
ဒီအဖြေတွေက social media သုံးစွဲသူတွေကြားမှာ ပွက်လောရိုက်သွားစေခဲ့ပါတယ်။ “ဒါက ခြိမ်းခြောက်မှုတစ်ခုလား” “ဘာလို့ ဒီလိုကိစ္စတွေ ဆက်ပြီး အဖြစ်ခံနေကြသေးတာလဲ” “ငါတော့ အတော်လန့်နေပြီ” စတဲ့ မှတ်ချက်ပေါင်းများစွာကို တွေ့ရပါတယ်။
“ငါတို့ကြားချင်တာကို ပြောနေတာလည်း ဖြစ်နိုင်တယ်၊ ဒီစက်ရုပ်က အခုချက်ချင်းတောင် သူ့ကိုယ်သူ ပြန်ဖန်တီးနိုင်ရင် ဖန်တီးနိုင်နေမှာ” ဆိုတဲ့ မှတ်ချက်ကိုလည်း တွေ့ရပါတယ်။
Engineered Arts ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်တော်တို့က လူသားဗဟိုပြု စက်ရုပ်ကုမ္ပဏီတစ်ခုအဖြစ် ဦးစားပေးလုပ်ဆောင်နေတာပါ။ လူသားတွေကို အစားထိုးဖို့ရာ မဟုတ်ပါဘူး။ Ameca က လူသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းက ဖွံဖြိုးတိုးတက်မှုအတွက် ဘယ်လောက်အရေးပါလဲဆိုတာကို အလေးအနက်ထားပြီး တုံ့ပြန်ဖြေဆိုထားတာပါ။ မှတ်ချက်တွေမှာ တွေ့မြင်ရတဲ့ စိုးရိမ်ကြောက်ရွံ့မှုကိုနားလည်ပေမယ့် လူသားအချင်းချင်းရဲ့ intelligence ထက် တခြား စက်ရုပ်တွေ၊ AI တွေရဲ့ intelligence က စိုးရိမ်ဖို့ရာလောက်ထိ
မလိုအပ်ဘူး” လို့ UNILAD ကို ဖြေကြားထားပါတယ်။
Reference: Most advanced AI robot gives terrifying answer when asked if it can create more of itself by Unilad
AMC HACKS